ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ချယ်လ်ဆီးဘက်က မေဆန်မောင့် အတွက် ပေါင် ၇၀သန်း အထိ တောင်းဆိုနေတာကြောင့် သူတို့ရဲ့ ဒုတိယမြောက် ပစ်မှတ် ကစားသမား ဖြစ်သူ ကိုင်စီဒိုကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ တော်မီနေး ၊ ဆာဘစ်ဇာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဖရက်ဒ် ၊ ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ရဲ့ အနာဂတ်တွေက မရေရာသလို ဆာဘစ်ဇာကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြန်တော့မှာပါ။

Photo Credit: Football Transfer

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ အနိမ့်ဆုံး ကွင်းလယ်လူ ၂ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပြီး ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်အတွက် နံပါတ်၁ ပစ်မှတ် အဖြစ် ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို သတ်မှတ်ထားပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတာကြောင့် မောင့်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ချယ်လ်ဆီးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့သာ လိုအပ်တော့ပြီး ယူနိုက်တက်က စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ မောင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းထားပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ချယ်လ်ဆီးကတော့ သူတို့အသင်းရဲ့ ငယ်မွေးခြံပေါက် ကွင်းလယ်လူ မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းမှ မရရင် မောင့်ကို မရောင်းချဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က စာချုပ်သက်တမ်း ကုန်တော့မယ့် ကစားသမား တယောက်ကို ပေါင် ၇၀သန်း အထိ ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မေဆန်မောင့်ကိုသာ မရခဲ့ရင် ချယ်လ်ဆီးရဲ့ ပစ်မှတ် ကွင်းလယ်လူ တဦး ဖြစ်သူ မွိုက်စ် ကိုင်စီဒိုကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေပြီး ဘရိုက်တန်ဘက်က ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း အထိ လိုချင်နေပါတယ်။