ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ၊ မေဆန်မောင့် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ အမ်မရာဘက် ၊ မိုင်နူး စတဲ့ ကစားသမား ၈ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ခံစစ် နေရာမှာ ဆော့နိုင်တဲ့ ကစားသမားဟာ ကတ်စ်မဲရိုးနဲ့ အမ်မရာဘက်တို့ နှစ်ဦးထဲသာ ရှိပြီး အမ်မရာဘက်ကလည်း ဖီအိုရင်တီးနား ကနေ အသင်းဆီ အငှားနဲ့ လာကစားနေသူပါ။

Photo Credit: Goal

ဒါ့အပြင် အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကလည်း ဒီရာသီမှာ မကြာခဏ ဒဏ်ရာရနေသလို အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်းပါ စတင် ကျဆင်းလာတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်နဲ့ နွေဈေးကွက်မှာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်ခံစစ် ကစားသမား တဦး ခေါ်ယူဖို့ စဉ်းစားထားကြပါတယ်။

တဖက်မှာတော့ အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က လိဒ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး စီးတီးနည်းပြချုပ် ဂွာဒီယိုလာက ကယ်ဗင် ဖီးလစ်ကို သူ့ရဲ့အသင်းမှာ နေရာ မပေးနိုင်တော့ကြောင်း လူသိရှင်ကြား ပြောကြားထားတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ မန်ချက်စတာ စီးတီး ကနေ ထွက်ခွာခွင့် ရထားသူလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talk Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေပြီး ယူနိုက်တက်ဟာ ကယ်ဗင် ဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေး ၊ လုပ်ခလစာ ၊ အေးဂျင့်ခ စတဲ့ အချက်တွေကို စတင် စုံစမ်းနေကြောင်း သိရပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အပြင် နယူးကာဆယ်ကပါ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကယ်ဗင် ဖီးလစ်ကို ခေါ်ယူချင်ရင် ခပ်မြန်မြန် လှုပ်ရှားဖို့ လိုအပ်ပြီး စီးတီးကတော့ ကယ်ဗင် ဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။