ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးရေးရာကို စီမံခွင့် ရထားတဲ့ INEOSက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့  အုပ်ချုပ်ရေးအဖွဲ့ကို အလုံးစုံ ပြောင်းလဲဖို့ စီစဉ်ထားပေမယ့် အသင်းရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကိုတော့ စာချုပ်သက်တမ်း ကျန်တဲ့အတိုင်း ဆက်ခန့်ထားဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တဦး ဖြစ်သူ ဆာ ဂျင် ရက်ကလစ်ဖ် ဦးဆောင်နေတဲ့ INEOSက မကြာသေးမီကပဲ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုဆီကနေ ရှယ်ယာ တချို့ကို ပြန်ဝယ်ရင်း အသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့ပြီး INEOSက အသင်းရဲ့ စီမံခန့်ခွဲခွင့်ကိုလည်း ဂလေဇာမိသားစုဆီကနေ လွှဲယူခဲ့ပါတယ်။

Photo Credit: Sky Sports

INEOSက ယူနိုက်တက်ရဲ့ စီမံခန့်ခွဲခွင့်ကို ရရှိပြီးနောက် အသင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေသလို အသင်းရဲ့ ကစားသမား အများအပြားကိုလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ စီစဉ်နေပြီး ယူနိုက်တက်ရဲ့ အရောင်းစာရင်းထဲမှာ လက်ရှိလူစာရင်းရဲ့ ၇၀ရာခိုင်နှုန်းလောက် ပါဝင်နေပါတယ်။

INEOSရဲ့ တာဝန်ရှိသူတွေက အသင်းမှာ ဆက်ထားမယ့် ကစားသမားတွေနဲ့ ရောင်းချမယ့် ကစားသမားတွေကို ခွဲခြမ်း စိတ်ဖြာနေသလို နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်မလား ၊ ဆက်ခန့်ထားမလား ဆိုတာကိုပါ အစည်းအဝေးတွေ လုပ်ကာ တိုင်ပင် ဆွေးနွေးနေကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အခုချိန်အထိ တန်ဟက်ဂ်ကို အသင်းမှာသာ ဆက်ထားဖို့ စဉ်းစားထားပြီး တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ရင် လျော်ကြေးငွေ များစွာ ပေးချေရမှာ ဖြစ်သလို နည်းပြသစ် ခန့်အပ်ရင် ငွေကြေးများစွာ ထပ်ကုန်သွားနိုင်တာကြောင့် တန်ဟက်ဂ်ကို နည်းပြချုပ် အဖြစ် ဆက်ထားချင်နေတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်က တန်ဟက်ဂ်ကို နည်းပြအဖြစ် ဆက်ခန့်ထားဖို့ ရာခိုင်နှုန်း များပြားနေပေမယ့် အကယ်၍ တန်ဟက်ဂ်ကို မဖြစ်မနေ ရာထူးကနေ ထုတ်ပယ်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုး ရောက်လာရင် နည်းပြသစ် အပြောင်းအလဲ လုပ်ဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်လ်က ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။