မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေက ဂီတာဖေးအသင်းဆီ အငှားသွားရောက် ကစားနေရတဲ့ သူတို့ရဲ့ အသင်းဖော် မေဆန် ဂရင်းဝုဒ်ကို အသင်းအပြောင်းအရွှေ့တွေ မလုပ်ဆောင်စေချင်ပဲ ယူနိုက်တက်အသင်းဆီကိုသာ ပြန်လာစေချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်ဆိုင်းရာ ကိစ္စရပ်တွေကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရရင်း ၂၀၂၃ ဖေဖော်ဝါရီလမှာပဲ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့် ယူနိုက်တက် ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ မလွယ်ကူတော့တာကြောင့် ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : The Sport Bank

ဘောလုံး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂရင်းဝုဒ်က ဂီတာဖေးအသင်းနဲ့အတူ လာလီဂါ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ဒီရာသီထဲ ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားထားပြီးချိန် (၈)ဂိုး သွင်းယူထားခဲ့ရင်း (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့်ပဲ ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကိုတို့ အပါအဝင် လာလီဂါ ကလပ်အသင်းတွေကပါ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ကလည်း ဂရင်းဝုဒ်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်သစ် ချမှတ်သွားမှတ်ဖို့ပါ စီစဉ်ထားပါတယ်။

Photo Credit : talkSPORT

ဒီလို အချိန်မှာ ဂရင်းဝုဒ်ရဲ့ ယူနိုက်တက်အသင်းဖော် ကစားသမားတွေကပါ ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လာစေချင်နေပြီး ဂရင်းဝုဒ်ဟာလည်း ဂီတာဖေးအသင်းမှာ ဂိုးတွေလည်း သွင်း ဂိုးတွေလည်း ဖန်တီးပေးထားနိုင်လို့ ဒီလို တိုက်စစ်ပိုင်း ထက်မြက်လွန်းနေတဲ့ ဂရင်းဝုဒ်ကို အသင်းတိုက်စစ်ပိုင်းဆီ ပြန်လည် ပူးပေါင်းစေချင်နေပါတယ်။

ဒီလို အခြေအနေကြောင့် ယူနိုက်တက်ရဲ့ စီနီယာ ကစားသမား အများအပြားက ဂရင်းဝုဒ် အသင်းဆီ ပြန်လာမယ်ဆိုရင် ကြိုဆိုသွားဖို့ ရှိနေပြီး ဂရင်းဝုဒ်နဲ့ ယူနိုက်တက်ကလည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာမို့ ဂီတာဖေးနဲ့ အငှားပြည့်ချိန် အသင်းဆီ ပြန်လာရင်း အနာဂတ် အခြေအနေကို အသေအချာ ဆွေးနွေးရဖွယ် ရှိနိုင်ပါတယ်။