မန်ချက်စတာ ယူနိုက်တက်အသင်းက သူတို့ရဲ့ တိုက်စစ် ကစားသမား အန်တိုနီ မာရှယ်ကို ရီးယဲလ် အသင်းထံ တစ်ရာသီ အငှားနဲ့ ခေါ်မလားဆိုပြီး ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ စပိန် သတင်း outlet တစ်ခုဖြစ်တဲ့ Fichajes ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က မာရှယ်ကို ရီးယဲလ်အသင်းဆီ တစ်ရာသီ အငှားချပြီးရင် ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းနဲ့ပါ အပြီးသတ် ရောင်းချဖို့ ကမ်းလှမ်းထားခဲ့တာလို့လည်း သိရပါတယ်။

Photo Credit : Eurosport

ရီးယဲလ်အသင်းက လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကာရန် ဘန်ဇီမာ ထွက်ခွာသွားပြီးနောက်ပိုင်း ဗင်နီစီယပ်စ် နဲ့ ရိုဒရီဂိုတို့သာ ရှိနေတော့ပြီး တိုက်စစ် ကစားသမားသစ်အဖြစ် ဟိုဆယ်လူကိုသာ ခေါ်ယူထားနိုင်ခဲ့တာမို့ တိုက်စစ် အားနည်းချက်တွေ ရှိနေရပါတယ်။

လက်ရှိမှာ ရီးယဲလ်က လာလီဂါ (၃)ပွဲအတွင်း သွင်းဂိုး (၆)ဂိုးအထိ ရရှိထားတယ် ဆိုပေမယ့် ကွင်းလယ်လူ ဘယ်လင်ဟမ် တစ်ဦးတည်းက (၄)ဂိုးသွင်းထားပြီး ရိုဒရီဂို နဲ့ ဗင်နီစီယပ်စ်တို့က (၁)ဂိုးစီသာ သွင်းထားနိုင်ခဲ့ပါတယ်။ ပိုဆိုးတာက ဆယ်လ်တာနဲ့ပွဲမှာပါ ဗင်နီစီယပ်စ်က ဒဏ်ရာရသွားခဲ့ပါသေးတယ်။

Photo Credit : Street News

ရီးယဲလ် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူတို့အသင်းရဲ့ နွေရာသီ ကစားသမားသစ် ခေါ်ယူမှုက အဆုံးသတ်ပြီလို့ ပြောထားပေမယ့်လည်း တိုက်စစ်ကို အားဖြည့်ဖို့က လိုအပ်နေသေးတာမို့ ဒီအခြေအနေကို သိရှိထားတဲ့ ယူနိုက်တက်က မာရှယ်ကို အငှား+အပြီးသတ်နဲ့ ခေါ်ယူမလားဆိုပြီး ရီးယဲလ်အသင်းဆီ ကမ်းလှမ်းလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး မာရှယ်ဟာ ဆီဗီလာအသင်းနဲ့အတူ လာလီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိဖူးတာကြောင့် ရီးယဲလ်အနေနဲ့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်အပေါ် ဘယ်လို တုံ့ပြန်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။