ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသမား ထရယ်ဘော့ ချာလိုဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း ပါဝင်လို့နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တိုက်စစ် နဲ့ ခံစစ်ပိုင်းတို့အတွက် ကစားသမား လိုအပ်ချက်တွေ ရှိနေတာကြောင့် ကစားသမား အများအပြားနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ တောက်လျှောက် ထွက်ပေါ်လို့နေပြီး အခုလည်း ချာလိုဘာနဲ့ပါ သတင်းထွက်လာပြန်ပါတယ်။

Photo Credit : Goal

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ခံစစ်မှူး ချာလိုဘာကတော့ အသက် (၈)နှစ်သားကတည်းက ချယ်လ်ဆီး အကယ်ဒမီကို ရောက်ရှိနေသူဖြစ်ပြီး ချယ်လ်ဆီး စီနီယာအသင်းအတွက် မကစားရခင် အစ်ဝစ်ချ် ဟတ်ဒါဖီးလ် နဲ့ လော်ရီးယန့်အသင်းတွေမှာပါ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။

ဗဟိုခံစစ်ရော ကွင်းလယ်ခံစစ် နေရာမှာပါ ကစားတတ်သူ ချာလိုဘာဟာ နည်းပြဟောင်း သောမတ်စ် တူဟယ်လ် လက်ထက် ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်တွေ ရရှိလာခဲ့ပြီး မနှစ်ကလည်း အသင်းအတွက် ပါဝင် ကစားခွင့်တွေ အတော်အတန် ရရှိခဲ့ပါသေးတယ်။

Photo Credit : Transfermarket

ဒါပေမယ့် ဒီရာသီ နည်းပြ ပိုချက်တီနို လက်အောက်မှာတော့ ချာလိုဘာက ချယ်လ်ဆီးအတွက် တစ်ပွဲတစ်လေတောင် ကစားထားရခြင်း မရှိသလို နွေဈေးကွက်ကတည်းက အသင်းနဲ့ လက်တွဲဖြုတ်ဖို့ စီစဉ်ခဲ့သေးပေမယ့်လည်း မဖြစ်လာခဲ့ပဲ အခုဆောင်းမှသာ အသင်းကနေ တစ်ခါတည်း ထွက်ခွာသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့် ချာလိုဘာက ချယ်လ်ဆီးနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ချယ်လ်ဆီးဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို (၂၅)သန်းဝန်းကျင်လောက် တောင်းဆိုလာနိုင်ပြီး ချာလိုဘာကို ယူနိုက်တက်လိုပဲ နာပိုလီအသင်းကလည်း အတော်လေး စိတ်ဝင်စားလျက် ရှိနေပါတယ်။