မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် လက်လွတ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ဂျုဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီနဲ့ အစားထိုးသွားဖွယ် ရှိနေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက် နဲ့ နည်းပြ တန်ဟက်ဂ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စတင် လက်တွဲခဲ့တာဖြစ်ပြီး တန်ဟက်ဂ်ကလည်း ယူနိုက်တက် နည်းပြဘဝ တာအထွက်မှာပဲ ခါရာဘောင်းဖလား ရယူပေးခဲ့သလို အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ပထမဆုံး ရာသီမှာ အောင်မြင်ခဲ့ပေမယ့် ဒုတိယမြောက် ရာသီမှာတော့ တန်ဟက်ဂ်က အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်အောင် ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အုပ်စုတက်ဖို့ ခက်ခဲနေတဲ့အပြင် ခါရာဘောင်းဖလားမှာလည်း ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပြီ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တန်ဟက်ဂ်ရဲ့ အနာဂတ်က လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်လာရပြီး ယူနိုက်တက် တာဝန်ရှိသူတွေက တန်ဟက်ဂ်ကို အခိုင်အမာ ယုံကြည်ထားပေမယ့်လည်း တကယ်လို့ အသင်းက ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေမယ်ဆိုရင်တော့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Football Today

တကယ်လို့ တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်လိုက်မယ်ဆိုရင် ယူနိုက်တက်က တန်ဟက်ဂ်နေရာမှာ အီတလီလူမျိုး နည်းပြ အယ်လီဂရီနဲ့ ပြန်လည် အစားထိုးဖို့ ချိန်ရွယ်နေပါတယ်။ အယ်လီဂရီက ရာသီကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေကိုပါ ကိုင်တွယ်ချင်နေပါတယ်။

အသက် (၅၆)နှစ်အရွယ် နည်းပြ အယ်လီဂရီဟာ အေစီမီလန် နဲ့ ဂျုဗင်တပ်စ်တို့လို စီးရီးအေ ထိပ်သီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဒီရာသီအကုန်မှာပဲ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာမို့ သူ့ကို ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့က စောင့်ကြည့်နေပါတယ်။