လက်ရှိ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲက အခုဆိုရင် ပွဲစဉ်(၇)အထိ ကျင်းပထားနိုင်ခဲ့ပြီဖြစ်ပြီး ပွဲစဉ်(၇)မှာပဲ ဘွန်ဒစ်လီဂါရဲ့ ဂျာမန်ဘီလူးကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က အော့စ်ဘတ်ကို အရေးနိမ့်လိုက်တာကြောင့် ပွဲစဉ်(၇)အပြီးမှာပဲ အူန်ယွန်းဘာလင်က ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့ပါတယ်။

Jika Tak Berbenah, Bayern Bisa Kehilangan Gelar Liga Jerman

Photo Credit : Detik Sports

ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ အမြဲတမ်းလိုလို ဘိုင်ယန်မြူးနစ် တစ်သင်းတည်းကပဲ လွှမ်းမိုးနေတဲ့ ပြိုင်ပွဲလို ဖြစ်နေတာကြောင့် ဘောလုံးပရိသတ်တွေ အားမလို အားမရတာမျိုး ဖြစ်နေရပေမယ့်လည်း ဒီနှစ်ပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်က (၄)ပွဲဆက်တိုက်အထိတောင် နိုင်ပွဲပျောက်ဆုံးထားခဲ့ရသလို အော့စ်ဘတ်နဲ့ ပွဲစဉ်မှာလည်း ဂိုးတောင် ပြန်လည် မသွင်းယူနိုင်ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီလို အချိန်မှာ အူန်ယွန်းဘာလင်အသင်းက မထင်ထားလောက်အောင် စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေပြီး လုံးဝကို ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လို့နေပါတယ်။

Photo Credit : Lookcharms

ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိ ရပ်တည်နိုင်ခဲ့တဲ့ အူန်ယွန်းဘာလင်ဟာ အခုရာသီမှာလည်း ပုံစံကောင်းတွေ ဆက်လက် ပြသနေနိုင်ပြီး လက်ရှိမှာ ဘွန်ဒစ်လီဂါ (၇)ပွဲဆက်တိုက်ထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ကာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာပါ ရပ်တည်နေနိုင်ပါတယ်။ အူန်ယွန်းဘာလင်က (၇)ပွဲအတွင်းမှာ ဘိုင်ယန် လိုက်ပ်ဇစ် ဝုလ်ဖ်ဘတ် ရှော်ကေး မိန့်ဇ် ကိုလုံးတို့နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘိုင်ယန်နဲ့ မိန့်ဇ်တို့ကိုသာ သရေကန်ထားခဲ့သလို ကျန်တဲ့ အသင်းတွေကိုတော့ အနိုင်ယူထားခဲ့ပါတယ်။ (၇)ပွဲအတွင်းမှာ တိုက်စစ်က သွင်းဂိုး (၁၅)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ခံစစ်ကလည်း (၄)ဂိုးသာ ပြန်လည် ခွင့်ပြုထားရတာမို့ တိုက်စစ်ရော ခံစစ်ကပါ ပြိုင်ပွဲရဲ့ အကောင်းဆုံးတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အာဝိုနီယီကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ ရောင်းချထားခဲ့ရပေမယ့် အသင်းရဲ့ နောက်ထပ် တိုက်စစ်မှူး ရှရာဒိုဘတ်ကာက အသင်းအတွက် ဂိုးတွေ သွင်းယူပေးနေနိုင်ပြီး လက်ရှိမှာလည်း ဘွန်ဒစ်လီဂါ သွင်းဂိုး (၆)ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုပါ (၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်ပါ ရရှိထားတဲ့ အူန်ယွန်းဘာလင်ဟာ လာမယ့် အောက်တိုဘာလထဲမှာတော့ ပြိုင်ပွဲစုံ (၇)ပွဲအထိ ဆင်နွဲသွားရဦးမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေထဲမှာ ဒေါ့မွန် ဖရန့်ဖတ်တို့ပါ ပါဝင်နေလို့ ရလဒ်တွေ ထပ်မံကောင်းနိုင်ဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါလိမ့်မယ်။