ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနည်းပြ သောမတ်စ် တူဟယ်လ်နဲ့ လက်တွဲဖြုတ်တော့မယ့် ဘိုင်ယန်မြူးနစ်အသင်းက တူဟယ်လ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် နည်းပြများစွာကို စောင့်ကြည့်နေရာ သူတို့အသင်းရဲ့ list ထဲမှာ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်က လက်ရှိမှာ ရလဒ်တွေရော အသင်းစွမ်းဆောင်ရည်တွေပါ ကျဆင်းလို့နေပြီး ဖလားလက်မဲ့ ရာသီပါ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာကြောင့် လက်ရှိနည်းပြ တူဟယ်လ်နဲ့ ရာသီကုန်မှာ လက်တွဲဖြုတ်ဖို့ နှစ်ဖက်လုံးက ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit : X

ဒီရာသီအကုန်မှာ နည်းပြသစ်တစ်ဦး မဖြစ်မနေ ခန့်အပ်သွားရတော့မယ့် ဘိုင်ယန်က လက်ရှိမှာ အသင်းနဲ့ သင့်တော်မယ့် နည်းပြတွေကို ရှာဖွေလျက် ရှိနေသလို နည်းပြများစွာနဲ့ ကောလဟာလတွေ ဆက်တိုက်ကို ထွက်ပေါ်လျက် ရှိနေပြန်ပါတယ်။

အခုလည်း ဂျာမနီနိုင်ငံထုတ် Kicker သတင်းစာရဲ့ ဖော်ပြချက်တွေအရ ဘိုင်ယန်ဟာ အက်စတွန်ဗီလာအသင်းရဲ့ အတွေ့အကြုံရှိ စပိန်လူမျိုး ဘောလုံးနည်းပြဖြစ်သူ အမ်မရီကိုပါ အသင်း list ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photo Credit : The Telegraph

အာဆင်နယ် ပီအက်စ်ဂျီ ဗီလာရီးယဲလ် ဆီဗီလာအသင်းတို့ရဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီက လက်ရှိမှာ ဗီလာအသင်းကို ဥရောပဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနေသလို သူရဲ့ ဗီလာကလည်း ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါ ဖြစ်နေပါတယ်။

အာဆင်နယ် ပီအက်စ်ဂျီတို့လို အသင်းကြီးတွေမှာ နည်းပြလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိနေတဲ့ အမ်မရီက ဘိုင်ယန်ရဲ့ စောင့်ကြည့်ခံ နည်းပြစာရင်းထဲမှာ အပါအဝင် ဖြစ်နေပေမယ့်လည်း ဘိုင်ယန်ဘက်ကတော့ အမ်မရီထက် လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုကိုသာ ဦးစားပေးအဖြစ် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။