၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ နွေဈေးကွက် နောက်ဆုံးရက်မှာ ပီအက်စ်ဂျီကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား မန်နဝယ် အူဂါတေးက အခုတော့ သူရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ အသင်းနဲ့ အင်တာဗျူးမှာ ဖြေဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေမှာ နောက်ခံကစားသမားတွေဖြစ်တဲ့ ယိုရို ဒီလစ် မာဇာရာဝီနဲ့ တိုက်စစ်ကစားသမား ဇက်ခ်ဇီးတို့ကို ခေါ်ယူပြီးနောက် ကွင်းလယ်ခံစစ်ပိုင်းအတွက် အူဂါတေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို အစောပိုင်းကတည်းက ရရှိခဲ့ပေမယ့်လည်း နွေဈေးကွက် ပိတ်ခါနီးမှပဲ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။

 

Photo Credit : Fabrizio Romano

 

ယူနိုက်တက်က အူဂါတေးကို စပို့တင်း လစ္စဘွန်းမှာ ကစားနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီက လက်ဦးမှု ရယူပြီး ခေါ်ယူခဲ့တာကြောင့် အခုမှသာ ပီအက်စ်ဂျီကနေ ပြန်လည် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က အူဂါတေးအတွက် အပိုဆုကြေးပါ အပါအဝင် ယူရို သန်း(၆၀)အထိ အသုံးပြု ခေါ်ယူခဲ့ပါတယ်။

ကက်စီမဲရိုးရဲ့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာချိန်မှာ အူဂါတေးလို အရည်အသွေးမြင့် ကွင်းလယ်ခံစစ် ကစားသမားကောင်းတစ်ဦးကို ခေါ်ယူဖြည့်တင်းလိုက်နိုင်တာက ယူနိုက်တက်အတွက် အတော်လေးကို အကျိုးရှိခဲ့ရပါတယ်။ အခုလို ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ရတဲ့ အူဂါတေးက “ဒီကလပ်အသင်းနဲ့ ဒီကွင်းကြီးတွေက ဒဏ္ဍာရီဆန်လောက်အောင် ကြီးကျယ်ခမ်းနားလှပါတယ်။”

Photo Credit : BBC

“ယူနိုက်တက်ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တယ် နောက်ပြီး ကြီးမားတဲ့ ကလပ်အသင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ အခုတော့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတဲ့ ကျွန်တော်ရဲ့ စိတ်ကူး အိမ်မက်တွေက တကယ် ဖြစ်လာခဲ့ရပါပြီ။”

“ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် ကျွန်တော် အကြာကြီး စောင့်ဆိုင်းနေရတာကြောင့်ပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အူဂါတေးက ယူနိုက်တက်အသင်းမှာ သူရဲ့ စီနီယာ တောင်အမေရိက ကစားသမားကြီးဖြစ်တဲ့ အန်တိုနီယို ဗလင်စီယာ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ချယ်လ်ဆီးဆီ အငှားနဲ့ ထွက်သွားတဲ့ ဆန်ချိုရဲ့ ကျောနံပါတ် (၂၅)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။