ကဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ ဘယ်အသင်းတွေ တက်နိုင်မလဲ ဆိုတာကို အဖြေထုတ်ပေးမယ့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေ ပြန်လာပါပြီဗျာ။ ဒီနေ့ညမှာတော့ ချယ်လ်ဆီးနဲ့ ရီးရဲလ် ၊ နာပိုလီနဲ့ အေစီမီလန်တို့လို ဘာမဆို ဖြစ်သွားနိုင်သေးတဲ့ ကွာတားဖိုင်နယ်ပွဲတွေ ရှိနေတာမို့လို့ ကျွန်တော်တို့နဲ့ အတူတူ ရင်ခုန်လိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် (ပထမအကျော့ရလဒ် ရီးရဲလ် ၂-၀ ချယ်လ်ဆီး)

ရီးရဲလ်မက်ဒရစ်က ပထမအကျော့မှာ ချယ်လ်ဆီးကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒါက ဆီမီးဖိုင်နယ်ဆီ တက်ဖို့ သေချာစေတဲ့ ရလဒ်တခုတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုအပ်ပါတယ်။

ချယ်လ်ဆီးကတော့ လတ်တလောမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေသလို လမ်းပတ်ရဲ့ လက်အောက်မှာ ကစားခဲ့ရတဲ့ ၃ပွဲဆက် ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အိမ်ကွင်း ရုန်းအား ရှိပါသေးတယ်။ ချယ်လ်ဆီးက ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း ဒေါ့မွန်ကို ပထမအကျော့မှာ ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ ၂ဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တာပါ။ ဒီပွဲမှာ ချယ်လ်ဆီးက နောက်ဆုံးမိနစ် အထိ ရီးရဲလ်မက်ဒရစ်ကို အိမ်မက်ဆိုးတွေ ပေးဖို့ ကြိုးစားပါလိမ့်မယ်။

ဒါပေမယ့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းက အတက်ဘက်ကို ရောက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်က နိုင်သင့်တဲ့ ပွဲတွေကို အနိုင် ကစားထားနိုင်သလို လာလီဂါပြိုင်ပွဲကို လက်လျှော့လိုက်ပြီ ဖြစ်တာကြောင့် သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲကို အလေးပေး ယှဉ်ပြိုင်တော့မှာပါ။ ချယ်လ်ဆီးရဲ့ အိမ်ကွင်းရုန်းအားက မဆိုးလှပေမယ့် ရီးရဲလ်မက်ဒရစ်လို ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းကို ပရိသတ်အား တခုထဲနဲ့ အနိုင်ယူနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အနိုင်နဲ့ သရေပါပဲ။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၂ ရီးရဲလ်မက်ဒရစ်

Photo Credit: The Analyst

နာပိုလီနဲ့ အေစီမီလန် (ပထမအကျော့ရလဒ် အေစီမီလန် ၁-၀ နာပိုလီ)

ဒီပွဲကတော့ နာပိုလီရဲ့ ခြေစွမ်းကို စမ်းသပ်မယ့်ပွဲပါပဲ။ နာပိုလီက ဒီရာသီမှာ စီးရီးအေရဲ့ အကောင်းဆုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားပေမယ့် အေစီမီလန်ကို နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲဆက် အရေးနိမ့်ထားပါတယ်။ ဒါကြောင့် ဒီညမှာ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို အဖတ်ဆယ်နိုင်ဖို့ လိုပါမယ်။

ဒဏ်ရာကြောင့် ပထမအကျော့ကို လွဲချော်ခဲ့ရတဲ့ နာပိုလီရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်က ဒီပွဲကို ကြံ့ခိုင်မှုအပြည့်နဲ့ ဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အေစီမီလန်က နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် ရှုံးပွဲ မရှိထားသလို နာပိုလီကို ၂ပွဲဆက် အနိုင်ရထားပေမယ့် သူတို့အသင်းရဲ့ အဝေးကွင်းခြေဟာ ယုံကြည်လို့ မရပါဘူး။

အေစီမီလန်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အဝေးကွင်း ၅ပွဲမှာ ၁ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး သူတို့အနိုင်ရခဲ့တဲ့ တသင်းထဲသော အသင်းက နာပိုလီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အေစီမီလန်တို့ အနိုင်ယူခဲ့တဲ့ နာပိုလီက လူမစုံတဲ့ နာပိုလီပါ။ ဒီနေ့ညမှာတော့ နာပိုလီက လူစုံတက်စုံနဲ့ ပထမအကျော့ရလဒ်ကို ချေဖျက်ကာ ဆီမီးဖိုင်နယ်ဆီ တက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ အိမ်ရှင် နာပိုလီကိုပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – နာပိုလီ ၂-၀ အေစီမီလန်