ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ သောမတ်စ် တူဟယ်လ်က သူတို့အသင်းဟာ ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းကိုတော့ အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်ဟာ သူတို့အသင်းအတွက် ငယ်နိုင်လို့ ဖြစ်နေတဲ့ ဒေါ့မွန်အသင်းကို အိမ်ကွင်း အလိုင်းရန့် အရီနာမှာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဇယားထိပ်က လေဗာကူဆင်နဲ့ပါ ရမှတ် (၁၃)မှတ်ထိ ကွာဟသွားခဲ့ရပြီး အမှတ်ပေး ချန်ပီယံဆုကို လက်လွတ်ရဖို့ကလည်း သေချာသလောက် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Bavarian Football Works

ဒါ့အပြင် ဘိုင်ယန်နည်းပြ တူဟယ်လ်ကိုယ်တိုင်ကလည်း လေဗာကူဆင်အသင်းကို ဂုဏ်ယူမိပါကြောင်းနဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုကလည်း အဆုံးသတ်သွားခဲ့ရပြီဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါသေးတယ်။

လက်ရှိ အခြေအနေမှာတော့ ဒီရာသီအတွင်း ဘိုင်ယန်အသင်းအတွက် မျှော်လင့်စရာ ဆုဖလားက ချန်ပီယံလိဂ်သာ ရှိနေတော့ပြီး ချန်ပီယံလိဂ်မှာကလည်း အာဆင်နယ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံလို့နေသလို အာဆင်နယ်ကို ကျော်ဖြတ်နိုင်ရင်တောင်မှ မန်စီးတီး ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်နဲ့ ထပ်မံ ရင်ဆိုင်သွားရပါမယ်။

FC Bayern and Thomas Tuchel to end their working relationship in the summer

Photo Credit : FC Bayern Munich

ဘိုင်ယန်ဟာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး ဆုံတွေ့ခဲ့စဉ်တုန်းက နှစ်ကျော့ပေါင်း (၁၀)ဂိုး (၂)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ပါ အနိုင်ယူထားခဲ့ပေမယ့်လည်း အာဆင်နယ်က လက်ရှိမှာ မန်စီးတီးကတောင် နှစ်ကျော့လုံး မရှုံးအောင် ကစားထားနိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေ တောက်လျှောက် ပြသထားနိုင်ပါတယ်။

ဒါပေမယ့်လည်း တူဟယ်လ်ကတော့ “ဒေါ့မွန်နဲ့ပွဲမှာ လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ရလဒ်ဆိုးတစ်ခု ထွက်ပေါ်ထားခဲ့ပေမယ့်လည်း ကျွန်တော်တို့ အာဆင်နယ်ကိုတော့ အနိုင်ရအောင် ကစားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းက အချိန်တိုလေးအတွင်းမှာပဲ ကွဲပြားခြားနားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်တယ်။ ရှုံးပွဲတွေကနေ အံ့အားသင့်စရာ ရလဒ်မျိုးတွေနဲ့ ပြန်လာနိုင်တာမျိုး လုပ်ပြထားတာကလည်း အကြိမ်ပေါင်းမနည်းပါဘူး။” လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။