ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးပြီး အခုလည်း သူရဲ့လက်ရှိကလပ် ဘိုင်ယန်နဲ့ လမ်းခွဲရတော့မယ့်အချိန်မှာ အင်္ဂလန်ကို ပြန်သွားပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းနဲ့ လက်တွဲသွားချင်နေပါတယ်။

Photo Credit : Sportsnet

ပီအက်စ်ဂျီ ဒေါ့မွန် ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း တူဟယ်လ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကပဲ ဘိုင်ယန်နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့ပြီး အခုရာသီမှာ အသင်းအတွက် မယ်မယ်ရရ စွမ်းဆောင်ပေးထားနိုင်ခြင်း မရှိတာကြောင့် ရာသီအကုန်မှာပဲ လက်တွဲဖြုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီအကုန်မှာ ဘိုင်ယန်နဲ့ လမ်းခွဲပြီးသွားရင် တူဟယ်လ်က သူရဲ့ နည်းပြဘဝကို အင်္ဂလန်မြေမှာ ပြန်လည် ဖြတ်သန်းသွားလိုနေပြီး သူ ကိုင်တွယ်ဖို့ ဆန္ဒအရှိဆုံး ကလပ်အသင်းက မန်ယူနိုက်တက်အသင်းသာ ဖြစ်တယ်လို့ ဂျာမနီသတင်းစာ The Blid ရဲ့ နာမည်ကျော် သတင်းထောက် ခရစ္စတီယန် ဖော့ခ်က ဖော်ပြထားပါတယ်။

Photo Credit : Football365

လက်ရှိမှာ ယူနိုက်တက်အသင်းက ရလဒ်တွေ တောက်လျှောက် ပြန်လည် ကောင်းမွန်နေတာကြောင့် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်က ပြန်ပြီး တည်ငြိမ်နေပြီလို့ ထင်ရပေမယ့်လည်း တကယ်လို့များ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် တန်ဟက်ဂ် အနာဂတ်က ဝေဝါးသွားနိုင်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင်တောင် အသင်းကို ပြန်လည် တည်ဆောက်သွားမယ့် ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ အစီအစဉ်ထဲမှာ တန်ဟက်ဂ်ပါ ဆက်ပါနိုင်ဦးမလားဆိုတာ မသိနိုင်သေးတဲ့အတွက် တူဟယ်လ်မှာလည်း ယူနိုက်တက် နည်းပြဖြစ်လာဖို့ အခွင့်အရေးတွေ ရှိလာနိုင်ပါတယ်။