ဘိုင်ယန်မြူးနစ် အသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ လက်ရှိမှာ ဘိုင်ယန်နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ဖို့ ရာခိုင်နှုန်း အလွန်များပြားနေရပြီး တကယ်လို့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ထပ်မံ ရလဒ်ဆိုးခဲ့မယ်ဆိုရင်တော့ ချက်ချင်းဆိုသလိုပင် ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ ဘိုင်ယန်ကို ရောက်ရှိလာခဲ့တဲ့ ဂျာမနီလူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ အသင်းကို ဘွန်ဒက်စ်လီဂါဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း ဒီရာသီထဲမှာတော့ အတော်လေး ရုန်းကန်နေရပြီး ဆုဖလားလက်မဲ့ ရာသီပါ ဖြစ်လာနိုင်ဖို့ ရှိနေရပါတယ်။

Photo Credit : Eurosport

တူဟယ်လ်ရဲ့ ဘိုင်ယန်ဟာ အခုဘောလုံးရာသီထဲ ပြည်တွင်း ပြိုင်ပွဲ (၃)ခုမှာ ချန်ပီယံဆုတွေကို လက်လွတ်ထားရပြီဖြစ်လို့ ဘိုင်ယန်အတွက် မျှော်လင့်ချက်က ချန်ပီယံလိဂ်ဖလား တစ်ခုတည်းသာ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာလည်း သူတို့ ရင်ဆိုင်ရမှာက အာဆင်နယ်လို in form ဖြစ်နေတဲ့ အသင်းကောင်း တစ်သင်းလည်း ဖြစ်လို့နေပါတယ်။

အခုဆိုရင်လည်း တူဟယ်လ်ရဲ့ ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲထဲ ဒေါ့မွန်နဲ့ ဟိုင်ဒန်ဟိုင်းတို့ကို (၂)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ထားရတာကြောင့် တူဟယ်လ်ရဲ့ အနာဂတ်က ရာသီမကုန်ခင်မှာပဲ လှုပ်ခတ်လာခဲ့ရပါတယ်။ တကယ်တော့ ဘိုင်ယန်နဲ့ တူဟယ်လ်တို့ဟာ ဒီရာသီအကုန်မှာ လက်တွဲဖြုတ်ဖို့ သဘောတူထားပေမယ့် တူဟယ်လ်အနေနဲ့ ရာသီကုန်အထိ အသင်းမှာ ဆက်ရှိဖို့က ပိုမို ခက်ခဲလာခဲ့ရပါတယ်။

Photo Credit : Tribuna

အခု တူဟယ်လ်ရဲ့ အခြေအနေတွေက အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အပေါ်မှာ မူတည်လျက် ရှိနေပြီး တကယ်လို့ အဲ့ဒီပွဲမှာပါ ထပ်မံ ရလဒ်ဆိုးခဲ့မယ်ဆိုရင်တော့ ဘိုင်ယန်က တူဟယ်လ်ကို နည်းပြရာထူးကနေ ချက်ချင်း ထုတ်ပယ်သွားနိုင်ပါတယ်။

ဘိုင်ယန်အနေနဲ့ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ပြီးရင်လည်း တူဟယ်လ်နေရာမှာ ဂျာမနီရဲ့ ဂန္တဝင် ဘောလုံးသမားဟောင်းကြီးဖြစ်တဲ့ ကလိုဆေးနဲ့ ယာယီ အစားထိုးသွားဖို့ စီစဉ်လို့ထားပြီး ရာသီကုန်မှသာ ထိပ်တန်းနည်းပြတစ်ဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။