ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးတာနဲ့ ဘိုင်ယန်အသင်းမှာ ဆက်လက် ရှိနေတော့မှာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အဆုံးသတ်ခါနီးလောက်မှာပဲ ဘိုင်ယန်နဲ့ စတင် ပူးပေါင်းခဲ့တာဖြစ်ပြီး အဲ့ဒီရာသီက ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံဆုကို ရာသီနောက်ဆုံးပွဲအထိ ဒေါ့မွန်နဲ့ အပြိုင်လုခဲ့ရင်း နောက်ဆုံးမှာ တူဟယ်လ်ရဲ့ ဘိုင်ယန်က ဗိုလ်စွဲသွားခဲ့ရပါတယ်။

Photo Credit : DW

ဒါပေမယ့် ဒီရာသီမှာတော့ တူဟယ်လ်က ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါ ၊ ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလား ပြည်တွင်း ပြိုင်ပွဲ(၃)ခုလုံးမှာ အောင်မြင်မှုတွေ ရရှိအောင် မစွမ်းဆောင်ပေးနိုင်တာကြောင့် အသင်းက ဒီရာသီအကုန်မှာပဲ တူဟယ်လ်နဲ့ လက်တွဲဖြုတ်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ တူဟယ်လ်က ဘိုင်ယန်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဆီမီးမှာလည်း ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးကို သေချာ ယှဉ်ကစားနိုင်ခဲ့တာကြောင့် ဘိုင်ယန်တာဝန်ရှိသူတွေအပြင် ဘိုင်ယန်ပရိသတ်တွေကပါ တူဟယ်လ်ကို ပြန်လည် သဘောကျလာခဲ့ပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် ဘိုင်ယန်က သူတို့လိုချင်နေတဲ့ နည်းပြတွေဖြစ်တဲ့ ဇာဘီ အလွန်ဆို ၊ ဂျူလီယန် နာဂယ်စမန်း ၊ အူနိုင်း အမ်မရီ ၊ ရန်းနစ်တို့ကိုပါ မခေါ်ယူနိုင်ခဲ့တာကြောင့် လက်ရှိနည်းပြ တူဟယ်လ်ကိုပဲ လာမယ့်ရာသီတွေအထိ အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ပေးသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း တူဟယ်လ်ကတော့ သူဒီအသင်းနဲ့ ပတ်သက်ပြီး ချမှတ်ထားခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားစရာ မရှိတဲ့အပြင် သူနဲ့ ဘိုင်ယန်တို့ကြားမှာလည်း နောက်ထပ် ဘာသဘောတူညီချက်မှ မရှိခဲ့ပဲ ဒါဟာလည်း သူ့အတွက်တော့ ဘိုင်ယန်နည်းပြအဖြစ် နောက်ဆုံးဖြေဆိုတဲ့ သတင်းစာ ရှင်းလင်းပွဲသာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။