ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၂-၂ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်ရဲ့ လက်ထိဘော အတွက် ပင်နယ်တီ မရခဲ့လို့ ကွင်းလယ်ဒိုင်ကို ဒေါသထွက်မိကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) အာဆင်နယ်နဲ့ ဘွန်ဒက်လီဂါရဲ့ အဆင့်(၂) ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး အိမ်ရှင် အာဆင်နယ်က ကစားပုံပိုင်းအရ အသာစီး ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကလည်း ကစားသမားတွေရဲ့ တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေနဲ့ အာဆင်နယ်ကို ပြန်လည် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ကစားခဲ့ကြပြီး အိမ်ရှင် အာဆင်နယ်က မဖြစ်မနေ နိုင်ပွဲ ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သလို ဘိုင်ယန်မြူးနစ်ကလည်း အဝေးကွင်းမှာ မရှုံးနိမ့်အောင် ခံစစ်ကို အထိုင်ချကာ အိမ်ရှင်ကို အံတု ကစားခဲ့ပါတယ်။

အာဆင်နယ်က ပွဲစတာနဲ့ ဘိုင်ယန်မြူးနစ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၁၂မိနစ်မှာပဲ ဆာကာက အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ အပျော်တွေက ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၁၈မိနစ်မှာ အာဆင်နယ် ကစားသမားဟောင်း ဂနာဘရီက ဘိုင်ယန်မြူးနစ် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် မိနစ် ၃၀ကျော်မှာ ဂါဘရီရယ်က ဆာနေးကို တားဆီးရာ ကနေ ဘိုင်ယန်မြူးနစ်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်း မရှိ ကန်သွင်းကာ ဘိုင်ယန်မြူးနစ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Telegraph

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၇၆မိနစ်မှာ လူစားဝင် ကစားသမား ထရော့ဆက်က အာဆင်နယ် အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲက မျှတတဲ့ သရေရလဒ် တခုနဲ့ အဆုံးသတ်ခဲ့ပေမယ့် ၁-၂ ဆိုတဲ့ ရလဒ် ဖြစ်နေချိန်မှာ အာဆင်နယ်ရဲ့ ခံစစ်မှူး ဂါဘရီရယ်က ဂိုးဧရိယာ အတွင်းမှာ ဂိုးသမား ရာယာ ပေးလိုက်တဲ့ ဘောလုံးကို လက်နဲ့ ကိုင်မိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်တို့ ပင်နယ်တီ ရနိုင်တဲ့ အခွင့်အရေးကို ရခဲ့ပေမယ့် ကွင်းလယ်ဒိုင် နေဘက်ချ်က ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်ကတော့ ကွင်းလယ်ဒိုင် နေဘက်ချ်ရဲ့ ဆုံးဖြတ်ချက် အပေါ် အတော်လေး ဒေါသထွက်နေပြီး နေဘက်ချ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။ တူဟယ်လ်က – “ကွင်းလယ်ဒိုင်က အရမ်း ကြီးမားတဲ့ အမှားတခုကို လုပ်ခဲ့တာပါ။ လက်ထိဘော ဆိုရင် ပင်နယ်တီက ပေးကို ပေးရမှာပါ။ အခြေအနေတွေက ရှုပ်ထွေးခဲ့တယ် ဆိုတာ သိပါတယ်။ အာဆင်နယ်ရဲ့ ဂိုးသမားက ဂိုးလွန်ဘော ကန်ဖို့ ဘောလုံးကို တည်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကွင်းလယ်ဒိုင်က ဘောလုံးကန်တင်ဖို့ ဝီစီမှုတ် အချက်ပေးလိုက်တယ်။ ပြီးတော့မှ အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်က ဘောလုံးကို လက်နဲ့ ကောက်ကိုင်ခဲ့တာပါ။ ကျွန်တော့်ကို ဒေါသအထွက်ဆုံးက ကွင်းလယ်ဒိုင်ရဲ့ ရှင်းပြချက်ပါပဲ။ သူက ကျွန်တော့်ရဲ့ ကစားသမားတွေကို “ကလေးဆန်တဲ့ အမှားတခု” အတွက် ငါက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပင်နယ်တီ ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါက အရမ်း အရမ်းကို ဆိုးဝါးတဲ့ ရှင်းပြချက်ပါ။ ကလေးဆန်တဲ့ အမှားဖြစ်ဖြစ် ၊ လူကြီးဆန်တဲ့ အမှားဖြစ်ဖြစ် ကျွန်တော်တို့ကို နစ်နာစေခဲ့တဲ့ ဆုံးဖြတ်ချက်မို့လို့ ကျွန်တော်တို့က ဒေါသထွက်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။