ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ညာနောက်ခံနေရာ အတွက် အားဖြည့်မှု တရပ် အဖြစ် နယူးကာဆယ်ရဲ့ အသင်းခေါင်းဆောင် ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဘိုင်ယန်မြူးနစ်ဟာ ထရစ်ပီယာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးပြီလို့ ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ လူအင်အား အတောင့်တင်းဆုံးအသင်း ဖြစ်ပေမယ့် နည်းပြချုပ် တူဟယ်လ်က အသင်းမှာ ရှိတဲ့ ညာနောက်ခံလူတွေကို သဘောမတွေ့တာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ ညာနောက်ခံလူသစ် တဦး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေဆီ တောင်းဆိုထားပါတယ်။

Photo Credit: Sky Sports

တူဟယ်လ်ရဲ့ တောင်းဆိုချက်ကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ညာနောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီ ညာနောက်ခံလူ မူခီလီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက နယူးကာဆယ်မှာ တောက်ပနေသလို ပြောင်းရွှေ့ကြေးလည်း သက်သာနိုင်တဲ့ အင်္ဂလန် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ထရစ်ပီယာကလည်း သူ့ရဲ့ နိုင်ငံအသင်းဖော်တွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ အဲရစ် ဒိုင်ယာတို့ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး ဂျာမဏီ သတင်းထောက် ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယမန်နေ့ညမှာပဲ ထရစ်ပီယာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ နယူးကာဆယ်နဲ့ ဆက်လက် ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

အင်္ဂလန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ထရစ်ပီယာဟာ ဘိုင်ယန်ဆီ ပြောင်းဖို့ ခေါင်းညိတ်ထားကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ထရစ်ပီယာက အားလပ်ရက် ယူထားရာ ကနေ အင်္ဂလန်နိုင်ငံဆီ ပြန်လာကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းခွင့် ရဖို့ နယူးကာဆယ်နဲ့ ဆွေးနွေးနေပြီး နယူးကာဆယ်ကလည်း ထရစ်ပီယာကို အသင်းပြောင်းခွင့် ပေးဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။