ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတဲ့ အေဂျက်နောက်ခံလူ ဂျူရီယန် တင်းဘားကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တင်းဘားက သူတို့အသင်းဆီ ပြောင်းဖို့ စိတ်မဝင်စားတာကြောင့် သူတို့ရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဂျူရီယန် တင်းဘားက အေဂျက်ရဲ့ နာမည်ကျော် ယိုဟန်ခရိုက်ခ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမား တဦး ဖြစ်ပြီး တင်းဘားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် အေဂျက်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်ရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးဝါးခဲ့သလို နယ်သာလန်လိဂ် ချန်ပီယံဘွဲ့ကိုပါ ကာကွယ်နိုင်စွမ်း မရှိခဲ့တာကြောင့် တင်းဘားက အေဂျက်ကို ယခု နွေဈေးကွက် အတွင်းမှာ စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က တင်းဘားကို ပထမဦးဆုံး ကမ်းလှမ်းခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။

တင်းဘားရဲ့ အေးဂျင့်ဖြစ်တဲ့ Forza Sports Groupရဲ့ ပိုင်ရှင်ဖြစ်သူဟာ အာဆင်နယ် ပရိသတ် တဦး ဖြစ်တာကြောင့် တင်းဘားနဲ့ အာဆင်နယ်တို့ရဲ့ ဆွေးနွေးမှုတွေက အချိန်တိုအတွင်းမှာပဲ ခပ်မြန်မြန် ခရီးပေါက်ခဲ့ပြီး အာဆင်နယ်က တပတ် လုပ်ခလစာ ပေါင် ၁သိန်း ဝန်းကျင်နဲ့ တင်းဘားကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

တင်းဘားက အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့အပြီးမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က တင်းဘားကို အာဆင်နယ်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ တင်းဘားကို အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုအတိုင်း ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် တင်းဘားကတော့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ငြင်းဆန် ပယ်ချခဲ့ပြီး တင်းဘားက အာဆင်နယ်ဟာ သူ့အတွက် အသင့်တော်ဆုံးအသင်းလို့ ယူဆထားကြောင်း နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ပလက်တန်ဘက်တို့က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။