ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးတို့ရဲ့ အဓိက ပစ်မှတ် ခံစစ်မှူး တဦး ဖြစ်သူ အေဂျက်နောက်ခံလူ ဂျူလီယန် တင်ဘားက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက် ကစားရတာဟာ သူ့အတွက် အတော်လေးကို ကောင်းမွန်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် လူငယ် ဗဟိုခံစစ်မှူး တင်ဘားက နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ ဗဟိုခံစစ်ကို ဦးဆောင် ကစားနေတဲ့ အရည်အသွေးမြင့် လူငယ် နောက်ခံလူ တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ တင်ဘားကို ခေါ်ယူဖို့ အတော်လေး နီးစပ်ခဲ့ဖူးပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်က တင်ဘားအတွက် အေဂျက်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ နီးစပ်ခဲ့သလို တင်ဘားကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပေမယ့် နယ်သာလန်နည်းပြဟောင်း ဗန်ဟားလ်က တင်ဘားကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီးမှ ပွဲထွက်ခွင့်တွေ မရတော့ရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်း အတွက် မရွေးတော့ဘူးလို့ သတိပေးခဲ့တာကြောင့် တင်ဘားဟာ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းတော့ပဲ အေဂျက်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တင်ဘားကို မရခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက်က သူ့ရဲ့ အသင်းဖော် လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းလဲ ခေါ်ယူခဲ့ပြီး မာတီနက်ဇ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ခွင့် တနေရာကို အခိုင်အမာ ရခဲ့သလို ဗာရန်းနဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်ရင်း ကာရာဘောင်း ချန်ပီယံပါ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit: Team Talk

တင်ဘားကတော့ သူဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းမှာ ဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့ အတွက် ကလပ်အသင်း တသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ယူနိုက်တက် ခံစစ်မှူး မာတီနက်ဇ်နဲ့ တွဲကစားခဲ့ရတဲ့ အချိန်တွေဟာ သူ့အတွက် အတော်လေးကို ကောင်းမွန်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

တင်ဘားက – “ကျွန်တော်က မာတီနက်ဇ်နဲ့ တွဲကစားခွင့် ရတာဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာကို သိထားတဲ့ လူတယောက်ပါ။ မာတီနက်ဇ်နဲ့ တွဲကစားခွင့် ရတာ တခုထဲကြောင့် ကျွန်တော့်ရဲ့ ခြေစွမ်းတွေ ကောင်းနေတာ မဟုတ်ပေမယ့် သူက ကျွန်တော်နဲ့ အတွဲညီခဲ့တဲ့ ကစားဖော် တဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် တွဲကစားခွင့် ရတဲ့ အချိန်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို သူနဲ့ ကျွန်တော့်ရဲ့ ကြားထဲမှာ နားလည်မှုကလည်း အပြည့်ပါပဲ။ မန်ချက်စတာ ယူနိုက်တက်မှာ မာတီနက်ဇ် တယောက် ခြေစွမ်းကောင်းတွေ ပြသနေနိုင်တဲ့ အပေါ် အံ့ဩမိတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်က သူ့ရဲ့ အရည်အသွေးတွေကို သိတယ်လေ” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။