၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း အတွက် ရွေးချယ်ခံခဲ့ရတဲ့ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် မိုချန် ဂလာဘက်ရဲ့ တိုက်စစ်မှူး မားကပ် သူရမ်က ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်တာကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်က အထောင်တိုက်စစ်မှူးနဲ့ နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မိုချန် ဂလာဘက် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: The Sun

မားကပ် သူရမ်က မိုချန် ဂလာဘက်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို သူနဲ့ မိုချန် ဂလာဘက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ဥရောပ နာမည်ကြီးကလပ် တချို့က သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး အဆိုပါအသင်းတွေ အနက် မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့လည်း ပါဝင်နေပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က သူရမ်ကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာခဲ့ပြီး နယူးကာဆယ်ဟာ သူရမ်ကို တနှစ် လုပ်ခလစာ ယူရို ၁၂သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် သူရမ်ကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတာကြောင့် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် အထောင် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြံရွယ်နေပြီး မန်ချက်စတာ ယူနိုက်တက်က သူရမ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အလွတ်နဲ့ အပြီးသတ် ခေါ်ယူဖို့ စဉ်းစားထားပေမယ့် မိုချန် ဂလာဘက်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး သူရမ်ကို အငှားနဲ့ လက်လွှတ်ဖွယ် မရှိကြောင်း နာမည်ကြီး သတင်းထောက် ဆိုင်မွန်ဂျုံးစ်က ဆိုပါတယ်။

မိုချန် ဂလာဘက်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်နေတဲ့ မားကပ် သူရမ်ကို ဆောင်းဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းကျော်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး မရခဲ့ရင်တော့ မားကပ် သူရမ်ကို ရာသီကုန်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ်လို့ သိရှိထားရပါတယ်။