ဂီတာဖေးအသင်းရဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ ဂီတာဖေး နဲ့ ဗယ်လက်ကာနိုအသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ လာလီဂါ ပွဲစဉ်အတွင်း တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံရတာဟာ သူ့ကို ဆဲဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ကွင်းလယ်ဒိုင်က ပွဲအပြီးမှာ အစီရင်ခံစာ တင်သွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း ဂီတာဖေးအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တဲ့ ဂရင်းဝုဒ်က ဗယ်လက်ကာနို ပွဲစဉ်မှာ သူ့ကို ပြိုင်ဘက်အသင်းက ပြစ်ဒဏ် ကျူးလွန်မှုတွေ (၄)ကြိမ်ထိတောင် လုပ်နေတယ်လို့ ကွင်းလယ်ဒိုင်ထံ လက်ဟန် အမှုအရာနဲ့ လုပ်ပြခဲ့ရာ ဒိုင်လူကြီးက ဂရင်းဝုဒ်ကို တိုက်ရိုက် အနီကတ်ပါ ပြသပြီး ထုတ်ပယ်လိုက်ပါတယ်။

Photo Credit : The Sun

ဒီဖြစ်ရပ်က အတော်လေး အံ့အားသင့်စရာ ဖြစ်ရပ်မျိုး ဖြစ်သွားခဲ့ပြီး ကွင်းလယ်ဒိုင်ကို လက်ဟန် အမှုအရာနဲ့ အသိပေးခဲ့ရာကနေ တစ်ခါတည်း အနီကတ်ပြ ထုတ်ပယ်ခံရခြင်းက ဂရင်းဝုဒ်အတွက်ရော ဂီတာဖေးအသင်းအတွက်ပါ နစ်နာစရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲအပြီး အစီရင်ခံစာမှာတော့ ကွင်းလယ်ဒိုင်က မေဆန် ဂရင်းဝုဒ်ဟာ သူ့ကို “Fu*k you” ဆိုပြီး ဆဲဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို တိုက်ရိုက် အနီကတ်ပြသခဲ့ရတာလို့ ရှင်းလင်းထားခဲ့ပါတယ်။ ဒီလို အစီရင်ခံထားခဲ့ပေမယ့်လည်း ဂီတာဖေးနည်းပြကတော့ ဒါကို ပြန်လည် ငြင်းဆိုခဲ့ပြန်ပါတယ်။

Photo Credit : The Sun

ဂီတာဖေးနည်းပြ ဘိုဒီလက်စ်က ဂရင်းဝုဒ်က ကွင်းလယ်ဒိုင်ကို ဆဲဆိုတဲ့ စကား ပြောဆိုခဲ့တာ မဟုတ်ပဲနဲ့ သူ့ကို အကြိမ်ကြိမ် ပြစ်ဒဏ် ကျူးလွန်နေတာတွေကို သေသေချာချာ မြင်အောင်ကြည့်ဖို့သာ ပြောဆိုခဲ့တာဖြစ်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။

ဂီတာဖေးအသင်းက အဲ့ဒီပွဲစဉ်မှာ ဂရင်းဝုဒ် အပါအဝင် နောက်ထပ် ကစားသမားတစ်ဦးကိုပါ ပထမပိုင်း ပွဲချိန်ကတည်းက အနီကတ်ပြစ်ဒဏ်နဲ့ လက်လွတ်ခဲ့ရတာကြောင့် ပွဲကို ကစားသမား (၉)ဦးတည်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရင်း အိမ်ကွင်းမှာပဲ (0-2) နဲ့ အရှုံးပေးခဲ့ရပါတယ်။