ဘရာဇီးလ် ယူ-၂၀အသင်းရဲ့ ကြယ်ပွင့်လေး ဗစ်တာဟော့ဂီက ဘာစီလိုနာအသင်းက သူရဲ့ စိတ်ကူး အိမ်မက်ထဲက ဘောလုံးအသင်းဖြစ်ကြောင်း ဘာစီလိုနာအသင်းရဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးနဲ့လည်း တွဲဖက် ကစားချင်မိကြောင်းကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အသက်(၁၈)အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဟော့ဂီဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ တောင်အမေရိက ယူ-၂၀ပြိုင်ပွဲမှာ ချဲလ်ဆီး ကွင်းလယ်ကစားသမားလေး ဆန်းတို့စ်နဲ့အတူ ထင်ပေါ် ကျော်ကြားလာခဲ့တဲ့ talented player လေး တစ်ဦးဖြစ်ပြီး သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းများစွာက စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမားလေးကိုယ်တိုင်ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်ကြောင်း ဝန်ခံသွားခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ လာမဲ့ နွေမှာ ဟော့ဂီကို အရ ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Photo Credit : Goal

“ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ကျွန်တော် ထင်မိပါတယ်။ လီဝန်ဒေါစကီးနဲ့ တွဲဖက် ကစားရမယ်ဆိုရင်လည်း သေချာပေါက်ကို အံ့သြစရာကောင်းနေပါလိမ့်မယ်။ ဘာစီလိုနာအသင်းက ကျွန်တော့်အတွက် အိမ်မက်တစ်ခုပါ။ အဲ့ဒီကိုသာ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် ကျွန်တော့် မိသားစုနဲ့ ကျွန်တော့်အတွက် ဝမ်းမြောက်စရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ အံ့သြစရာကောင်းတဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်လာမှာပါ” လို့ ဟော့ဂီက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORT

ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ တိုက်စစ်မှူးလေး ဟော့ဂီက လက်ရှိမှာတော့ ဘရာဇီးလ် စီးရီးအေကလပ် Athletico Paranaense အသင်းမှာ ပါဝင် ကစားလျက် ရှိနေပြီး (၃၇)ပွဲ ပါဝင်ထားခဲ့ရာ (၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘယ်ခြေအားသန်တဲ့ တိုက်စစ်ကစားသမားလေး ဟော့ဂီကို လက်ရှိမှာ အာဆင်နယ်အသင်းက အတော်လေးကို စိတ်ဝင်စားလျက် ရှိနေပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အာဆင်နယ်ထက် ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။