ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ ဖူလ်ဟမ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ် ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက လာမယ့် စနေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ အက်ဖ်အေဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိလာသူ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ အသင်းကို ကစားပုံ ကောင်းလာအောင်နဲ့ ရလဒ်ကောင်းတွေ ရအောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ကာရာဘောင်းဖလားကိုလည်း သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပိတ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်ကို အနိုင်ရခဲ့တာကြောင့် ရမှတ် ၇၅မှတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃) နေရာကို ရယူနိုင်ခဲ့ပြီး လာမယ့်ရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ အပိုင် သိမ်းယူနိုင်ခဲ့ပါတယ်။

တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းချန်ပီယံ ဖြစ်ထားသလို အက်ဖ်အေပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုလည်း တက်ရောက်ထားနိုင်ပြီး ဝင်ဘလေကွင်းထဲမှာ ကျင်းပမယ့် အက်ဖ်အေဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Sporting News

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြသလို အင်္ဂလန်ပြည်တွင်းဖလား ၂လုံးကို တလုံးစီ ရယူထားနိုင်တာကြောင့် အက်ဖ်အေဖလားကို ရရှိတဲ့ အသင်းက ၁နှစ်အတွင်းမှာ ပြည်တွင်းဖလား ၂လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ရှိနေပြီး နှစ်သင်းစလုံးက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ ယခုထဲက ကျားကုတ်ကျားခဲ ကြိုးစား လေ့ကျင့်နေကြပါပြီ။

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဖူလ်ဟမ် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်က သူတို့အသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်ထားကြောင်း ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ တန်ဟက်က – “ကျွန်တော်တို့ရဲ့ ဘောလုံးရာသီ ပြီးဆုံးဖို့ အတွက် နောက်ဆုံး ၁ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက လာမယ့်အပတ်မှာ ကစားရမယ့် စီးတီးနဲ့ ဗိုလ်လုပွဲမှာ နိုင်ပွဲရအောင် သူတို့မှာ ရှိတဲ့ အရာတွေ အားလုံး ပေးဆပ် ကစားဖို့ ဆုံးဖြတ်ထားကြတယ် ဆိုတာကို ကျွန်တော့်ဘက်က အာမခံနိုင်ပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ကို အားပေးဖို့ အတွက် ဝင်ဘလေကွင်းထဲမှာ အပြည့် ရှိနေပေးကြပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။