ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယခုအချိန်မှာ ဘယ်အသင်းကိုမဆို ရင်ဆိုင် ကစားနိုင်စွမ်း ရှိနေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ရှေ့နှစ်တွေမှာလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ရတဲ့ အခိုက်အတန့်မျိုး ရှိခဲ့ပေမယ့် ကစားပုံပိုင်းမှာ တိကျတဲ့ ကစားကွက်မျိုး ရှိမနေခဲ့ပဲ တဦးကောင်း ၊ တယောက်ကောင်း စွမ်းဆောင်ရည် အပေါ်သာ မှီခိုခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ တန်ဟက်ဂ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန် တခုကို ရလာခဲ့သလို ရလဒ်ကောင်းတွေ ရဖို့ ကစားသမား တဦးထဲကိုသာ မှီခိုနေရတာမျိုး မရှိတော့ပဲ အသင်းလိုက် ကြိုးစား အားထုတ်မှုနဲ့အတူ ရလဒ်ကောင်းတွေကို ရယူထားနိုင်ခဲ့တာပါ။

တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်က ပြိုင်ပွဲစုံမှာ ၂၇ပွဲ ယှဉ်ပြိုင် ကစားထားရာ ပွဲ ၂၀ အထိ အနိုင်ရခဲ့သလို ၂ပွဲသရေ ကျထားကာ ၅ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲဆက်တိုက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၄နေရာ ရထားသလို ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်လည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက တန်ဟက်ဂ်ရဲ့ အချိန်တိုအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို အသင်းကြီး တသင်း ပြန်ဖြစ်လာအောင် ပုံသွင်းနိုင်ခဲ့မှုကို ချီးကျူးနေကြပြီး စနေနေ့ညမှာ ကစားရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တန်ဟက်ဂ်က သူ့ရဲ့ အသင်းဟာ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင် ကစားနိုင်စွမ်း ရှိနေပြီ ဖြစ်ကာ မန်ချက်စတာဒါဘီမှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစား အားထုတ်သွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့အသင်းက ဘယ်အသင်းကိုမဆို ရင်ဆိုင် ကစားနိုင်စွမ်း ရှိနေပြီလို့ ထင်ပါတယ်။ မန်ချက်စတာ စီးတီးက သူတို့ရဲ့ ပုံစံကောင်းကို ရတဲ့ အခိုက်အတန့်တိုင်းမှာ အနိုင်ယူဖို့ ခက်တဲ့ အသင်းဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို အနိုင်ယူချင်တယ် ဆိုရင် ကိုယ့်ရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ ယှဉ်ပြိုင် ကစားနိုင်စွမ်း ရှိရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။