ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်ကတော့ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ မလိုအပ်ပဲ ခပ်ကြမ်းကြမ်း ကစားတာကို ရှောင်ရှားပြီး ခေါင်းသုံးကစားရန် လိုအပ်နေကြောင်း အဲဗာတန်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ် တန်ဟက်ဂ်က အချိန်တို အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို အတတ်နိုင်ဆုံး ထိန်းကျောင်းပေးထားသလို သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံဟာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား အများစုက မလိုအပ်ပဲ ပြစ်ဒဏ်ကျူးလွန်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာနောက်ခံလူ ဒီယေဂို ဒါးလော့က ပွဲအစမှာပဲ မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမား ဂရီးလစ်ရှ်ကို ပြစ်ဒဏ် ကျူးလွန်မိခဲ့တာကြောင့် အဝါကတ် ထိခဲ့ပြီး အဆိုပါ အဝါကတ်ကြောင့်ပဲ ဒါးလော့ဟာ တပွဲလုံးမှာ ပြိုင်ဘက် ကစားသမားတွေကို ဖျက်ထုတ်မှုတွေ လုပ်ဖို့ တွန့်ဆုတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ မလိုအပ်ပဲ ပြစ်ဒဏ်ကျူးလွန်မှုတွေကို လျှော့ချနိုင်ရန် လိုအပ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့သလို သူ့ရဲ့ ကစားသမားတွေဟာ ဦးနှောက်သုံး ကစားမှုတွေကို လုပ်ဆောင်ရန် အကျင့်လုပ်သင့်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Team Talk

တန်ဟက်ဂ်က – “ကျွန်တော့် ကစားသမားတွေရဲ့ ဖျက်ထုတ်မှု တချို့က လူတချို့ အတွက် မနှစ်မြို့စရာ ကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့ လုပ်ရပ်တွေကို ပြင်ဆင်လို့ ရပါတယ်။ ကျွန်တော့် ကစားသမားတွေက တခါတလေကျရင် ဦးနှောက်သုံး ကစားတတ်ဖို့ လိုအပ်ပါသေးတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ကစားသမားတွေက အဝါကတ်တွေ အများကြီး ပြသခံနေရပါတယ်။ ဘာကြောင့် အဲ့ဒီလို အဝါကတ်တွေ အများကြီး ပြသခံနေရလဲ ဆိုတာကို ကျွန်တော်လည်း နားမလည်ပါဘူး။ အဲ့ဒီအကျင့်တွေကို ပြင်ဖို့ လိုအပ်နေပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ ရခဲ့တဲ့ ပထမ အဝါကတ်နဲ့ ပတ်သတ်ရင် ဘာကြောင့် အဲ့ဒီလို လုပ်ရတာလဲ ဆိုတာကို ကျွန်တော်က စဉ်းစားကြည့်လို့တောင် မရပါဘူး။ ကျွန်တော့် ကစားသမားတွေက အဲ့ဒါတွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။