ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှုတွေ အဖြစ် သူ့ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်နဲ့ အန်တိုနီတို့ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ်တွေ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း မရခဲ့တာကြောင့် အေဂျက်နည်းပြ တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကာ အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်နေတဲ့ အသင်းပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကစားသမား အရောင်းအဝယ်နဲ့ ပတ်သတ်ပြီး အဲရစ် တန်ဟက်ဂ်ကို လုပ်ပိုင်ခွင့် အပြည့် ပေးထားကာ တန်ဟက်ဂ်ကလည်း အသင်းကို ပြန်လည် တည်ဆောက်ရာမှာ သူ ယုံကြည်ရတဲ့ သူ့ရဲ့ တပည့်ဟောင်းတွေကို အဓိကထား အသုံးပြုပြီး တည်ဆောက်ဖို့ ကြံရွယ်နေပါတယ်။

Photo Credit: Talksport

ပထမဦးဆုံးအနေနဲ့ တန်ဟက်ဂ်က ပေါ့ဘာ ၊ မာတစ်နဲ့ မာတာတို့ ထွက်ခွာသွားတဲ့ ကွင်းလယ်နေရာ အတွက် သူ့ရဲ့ တပည့်ဟောင်း စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း လက်ရှိအချိန်မှာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေသလို ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေပါ လုပ်ဆောင်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ရော ၊ ဒီဂျောင်နဲ့ပါ သဘောတူညီမှုတွေ မရသေးပေမယ့် ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားသလို ဘာစီလိုနာကလည်း ဒီဂျောင်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် နောက်ထပ် ဆွေးနွေးမှု အနည်းငယ် လုပ်ဆောင်ပြီးရင် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

Photo Credit: Talksport

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူပြီးသွားရင် နောက်ထပ် ကစားသမားသစ် ခေါ်ယူမှု အဖြစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်း တဦး ဖြစ်တဲ့ အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ ပြင်ဆင်ထားပြီး လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က အန်တိုနီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

အေဂျက်ဘက်က သူတို့အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်တဲ့ အန်တိုနီကို မရောင်းချချင်ပေမယ့် အန်တိုနီက ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်သာ အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် သုံးစွဲရင် အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေကြောင်းလည်း အန်တိုနီနဲ့ နီးစပ်တဲ့ သူငယ်ချင်း တဦးက ထုတ်ဖော် ပြောကြားထားပါတယ်။