ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဆိုစီဒက်ကို စပိန်မြေမှာ လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ အဖိုးတန် အနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ၂ဂိုးပြတ် အနိုင်မရခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ဆိုစီဒက် ၊ ရှရစ်ဖ် ၊ အိုမိုနီးယား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲ မကစားမီမှာ အုပ်စုပထမ ဆိုစီဒက်နဲ့ ရမှတ် ၃မှတ် ၊ ဂိုးကွာခြားချက် ၂ဂိုး ကွာဟနေခဲ့တာကြောင့် အုပ်စုပထမနေရာ ရဖို့ နောက်ဆုံးပွဲမှာ ဆိုစီဒက်ကို ၂ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေခဲ့တာပါ။

Photo Credit: 90 Mins

ဒါကြောင့်ပဲ စပိန်မြေမှာ ကစားခဲ့ရတဲ့ ဆိုစီဒက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ၂ဂိုးပြတ် အနိုင်ရရှိရေး အတွက် ခံစစ်ကို သေချာ အထိုင်ဆော့ကာ တန်ပြန်တိုက်စစ် ကနေ တဆင့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိအောင် ကြိုးစားခဲ့ပေမယ့် ဂါနာချိုရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး တဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဆိုစီဒက် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီးမှာတော့ သွင်းဂိုးတွေ လိုအပ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်သူ မက်ဂွိုင်းယားကို လူစားဝင် တိုက်စစ်မှူး အဖြစ် ကစားစေခဲ့ပြီး တန်ဟက်ဂ်က မက်ဂွိုင်းယားရဲ့ အမြင့်ဘော ပိုင်နိုင်မှုကို အသုံးချကာ သွင်းဂိုးတွေ သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်တော့ မဖြစ်ခဲ့ပါဘူး။

Photo Credit: 90 Mins

ဒါပေမယ့် တန်ဟက်ဂ်ရဲ့ မက်ဂွိုင်းယားကို တိုက်စစ်မှူး အဖြစ် ကစားစေခဲ့တဲ့ နည်းဗျူဟာပိုင်းဟာ ပရိသတ်တွေ ကြားမှာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တချို့က အထောင်တိုက်စစ်မှူး စစ်စစ် မရှိတဲ့ သူတို့အသင်းမှာ မက်ဂွိုင်းယားကို တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားခိုင်းသင့်ကာ မက်ဂွိုင်းယားရဲ့ အရပ်အမောင်း ၊ အမြင့်ဘော အားသာချက်တွေနဲ့ ဆိုရင် မက်ဂွိုင်းယားဟာ တနှစ်ကို အနိမ့်ဆုံး ၁၀ဂိုးလောက် သွင်းယူပေးနိုင်လိမ့်မယ်လို့ လူမှုကွန်ယက်တွေပေါ်မှာ မှတ်ချက်ပေးထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အုပ်စုဒုတိယနေရာနဲ့သာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် ၃၂သင်း ရှုံးထွက်အဆင့်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ဆင်းလာတဲ့ အင်အားကြီးအသင်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ အလားအလာ များနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ချေ ရှိနေတဲ့ အသင်းတွေကတော့ ဘာစီလိုနာ ၊ အေဂျက် ၊ ဂျူဗင်တပ် ၊ စပို့တင်း လစ္စဘွန်း ၊ လေဗာကူဆင် ၊ ဆဲလ်ဘက်တို့ပဲ ဖြစ်ပါတယ်။