ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို အသင်းနဲ့ စာချုပ်သစ် ထပ်ချုပ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်ပါတော့တယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်ကို ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာပဲ ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး ရက်ဖို့ဒ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ခင် ရက်ဖို့ဒ်ရဲ့ အနာဂတ် အတွက် တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုပါ လက်ခံ စဉ်းစားဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီ ကိုယ်တိုင်က ရက်ဖို့ဒ်ကို ခေါ်ယူဖို့ လာမယ့် နွေဈေးကွက်မှာ စတင် ကြိုးပမ်းမယ်လို့ အတိအလင်း ထုတ်ပြောထားပါတယ်။

Photo Credit: The Sun

ပီအက်စ်ဂျီရဲ့ ရက်ဖို့ဒ်ကို စိတ်ဝင်စားနေမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဖို့ အလျင်စလို လုပ်ဆောင်နေပြီး ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း သူတို့အသင်းဟာ အင်္ဂလန်မှာတင်မကပဲ ကမ္ဘာပေါ်မှာပါ အကောင်းဆုံးအသင်း ဖြစ်လာအောင် တည်ဆောက်သွားဖို့ ကြံရွယ်ထားတာကြောင့် ရက်ဖို့ဒ်ဟာ သူတို့အသင်းမှာသာ ဆက်နေသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ရက်ဖို့ဒ်အတွက် ယူနိုက်တက်ကသာ အကောင်းဆုံးနေရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကောင်းဆုံးအသင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ကြံရွယ်ထားတာမို့လို့ပါ။ ကျွန်တော်တို့က ပထမဦးဆုံး အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်လာအောင် လုပ်မယ်။ ပြီးရင် ဥရောပရဲ့ အကောင်းဆုံးအသင်း ဖြစ်လာအောင် လုပ်မယ်။ ပြီးရင် ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်လာအောင် လုပ်ပါမယ်။ ကစားသမားတွေနဲ့ အသင်းကြားထဲမှာ ဘာတွေပြောနေလဲ ဆိုတာဟာ လျို့ဝှက်ထားရမယ့် အရာတခုပါ။ ဒါပေမယ့် ရက်ဖို့ဒ်က ယူနိုက်တက်ဟာ သူ့အသင်း ဆိုတာ သိပါတယ်။ ပြီးတော့ သူက အသင်းဖော်တွေနဲ့ အဆင်ပြေနေသလို သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကိုလည်း ထုတ်ပြထားနိုင်ပါတယ်။ သူက တိုးတက်လာနေသလို အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနေပါတယ်” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာ ဖြစ်ပါတယ်။