ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရခဲ့ပေမယ့် အသင်းရဲ့ ဒုတိယပိုင်း ကစားပုံနဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိပဲ သူတို့အသင်းအနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ပွဲအပြီးမှာ ထောက်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာ ဧည့်သည် ဝက်စ်ဟမ်းကို အသာစီးနဲ့ ကစားနိုင်ခဲ့သလို ရက်ဖို့ဒ်ရဲ့ အနိုင်ဂိုးကလည်း ပထမပိုင်း အတွင်းမှာပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Guardian

ဒါပေမယ့် ဒုတိယပိုင်းကို ရောက်ရှိချိန်မှာတော့ ဧည့်သည် ဝက်စ်ဟမ်းက မန်ချက်စတာ ယူနိုက်တက်ထက် ကစားကွက်ပိုင်း ပိုမို သာလွန်ခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း ရရှိလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ မှော်ဝင် လက်စွမ်းတွေကြောင့်သာ ဝက်စ်ဟမ်းဟာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ အဝေးကွင်းမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို ကျေနပ်မှု မရှိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့သလို ကစားသမားတွေရဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသင့်တဲ့ အချိန်မှာ မထိန်းနိုင်သေးတဲ့ အရာဟာ ပြင်ဆင်ဖို့ လိုအပ်နေသေးတဲ့ အချက်တခု ဖြစ်ကြောင်း သူ့ကစားသမားတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပြသွားခဲ့ပါတယ်။

Photo Credit: Guardian

တန်ဟက်ဂ်က – “ကျွန်တော်က အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို နည်းနည်းလေး ဝေဖန်ချင်ပါတယ်။ ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက အရမ်းကို ကောင်းနေပါတယ်။ ကျွန်တော်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ အများကြီး ရှိသလို လှပတဲ့ တိုက်စစ် ကစားပုံကိုလည်း ပုံဖော်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းအောင် ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ တကယ်လို့ ကျွန်တော်တို့သာ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး တိုးတက်လာနိုင်မယ် ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်း တခုပေါ် ရောက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက အရင်လို အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။