ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁၀နာရီမှာ ယှဉ်ပြိုင် ကစားရမယ့် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် လတ်တလောမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် လက်ကျန်ပွဲတွေမှာ အမှားတွေ လုံးဝ လုပ်လို့ မရတော့သလို ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးကလည်း သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရမှတ်တွေ ထပ်မံ ဆုံးရှုံးလို့ မရတော့တာကြောင့် ဒီတပတ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲဟာ သူနိုင်ကိုယ်နိုင် အပြိုင် ကြဲကြမယ့် ပွဲစဉ်မျိုးပါ။

လတ်တလော ခြေစွမ်းပိုင်းအရ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးထက် နိမ့်ပါးနေသလို ကစားရမယ့်ကွင်းကလည်း စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ် ဖြစ်နေတာကြောင့် တန်ဟက်ဂ် ဦးဆောင်နေတဲ့ သရဲနီတွေဟာ အဝေးကွင်းမှာ သရေတမှတ် ရဖို့တောင် မလွယ်ကူပါဘူး။

Photo Credit: Standard

ဒါပေမယ့် ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေသလို ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ စီးတီးကို အနိုင် ကစားဖူးတာကြောင့် ဒီပွဲမှာလည်း ရလဒ်ကောင်း တခု ရယူနိုင်ကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော့်ရဲ့ ကစားသမားတွေက မန်ချက်စတာဒါဘီ အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်က အဲ့ဒါကို အနံ့ခံမိနေပါတယ်။ ကျွန်တော်တို့အသင်းရဲ့ လက်ရှိFormက ကောင်းပြီးသားပါ။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကလည်း အရမ်း ကောင်းနေပါတယ်။ ကျွန်တော်တို့က ယူနိုက်တက်ပါ။ ကျွန်တော်တို့က စုစုစည်းစည်းနဲ့ ဂိမ်းပလန်ကောင်းကောင်း တခု လုပ်သွားပါမယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ စီးတီးကို ရင်ဆိုင်နိုင်ကြောင်း သက်သေပြပြီးပါပြီ။ လီဗာပူးနဲ့ ပွဲမှာလည်း ကျွန်တော်တို့က သူတို့ကို ယှဉ်ကစားနိုင်ကြောင်း သက်သေပြခဲ့ပါသေးတယ်။ မန်ချက်စတာ စီးတီးက အသင်းကောင်း တသင်း ဖြစ်ပေမယ့် ကမ္ဘာပေါ်မှာ အခြားအသင်းကောင်းတွေလည်း ရှိနေပါသေးတယ်။ မန်ချ်ကစတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ဆုဖလား အကုန်လုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲက ကျွန်တော်တို့အတွက် စိန်ခေါ်မှု တရပ်ပါပဲ။ လီဗာပူးနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲကလည်း ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါ။ ကျွန်တော်တို့အသင်းက စိန်ခေါ်မှုတွေကို ကြိုက်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။