ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ဒဏ်ရာရထားပေမယ့် အသင်း ရလဒ်ကောင်းဖို့ အတွက် ဝင်ကစားပေးနေတာ ဖြစ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ၁၆သင်း ရှုံးထွက်အဆင့်ပွဲ အဖြစ် ခြေစွာနေတဲ့ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲမတိုင်ခင်မှာ တန်ဟက်ဂ်က အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဗာရန်းတို့က ဒဏ်ရာပြဿနာတွေကြောင့် ဒီပွဲကို လွဲချော်ဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အသင်းရဲ့ တခုတည်းသော လက်ကျန် ဆုဖလား မျှော်လင့်ချက် အတွက် ဘရူနို ဖာနန်ဒက်စ်နဲ့ ဗာရန်းတို့က ပွဲစပွဲဆုံး မန်ချက်စတာ ယူနိုက်တက် အတွက် ဝင်ကစားပေးခဲ့ကြပြီး သူတို့နှစ်ဦး ပါဝင်လာတာကြောင့် ယူနိုက်တက်က အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို ကစားပုံ အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားသွားခဲ့သလို အသင်းရဲ့ တလုံးထဲသော နောက်ကျအနိုင်ဂိုး ဖြစ်တဲ့ ကတ်စ်မဲရိုးရဲ့ သွင်းဂိုးကိုလည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ အဲရစ် တန်ဟက်ဂ်က ဒီနေ့ပွဲမှာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဒဏ်ရာရနေပါလျက်နဲ့ အသင်းအတွက် ဝင်ကစားပေးခဲ့တာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်နေတဲ့ လူတွေဟာ အသုံးမကျတဲ့ လူတွေသာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

တန်ဟက်ဂ်က – “ခင်ဗျားတို့လည်း မြင်ကြမှာပါ။ ဖောရက်စ်ရဲ့ ကစားသမားတွေက ဘရူနိုကို ပစ်မှတ်ထားပြီး လူချ ကစားခဲ့ကြပါတယ်။ ကျွန်တော်က ဘရူနိုဟာ ဘယ်လိုဒဏ်ရာမျိုး ရထားသလဲ ဆိုတာ မပြောပြပါဘူး။ ဒါပေမယ့် သူက ပြင်းထန်တဲ့ ဒဏ်ရာတခု ရထားပါတယ်။ လူမှုကွန်ယက်ပေါ်မှာ သူ့ကို ဝေဖန်နေကြတာတွေ တွေ့နေရပါတယ်။ အဲ့ဒီလူတွေက အသုံးမကျတဲ့လူတွေပါ။ ဘရူနိုက အတော်လေး ပြင်းထန်တဲ့ နာကျင်မှုကို အံတုပြီး အသင်းအတွက် ကစားပေးနေတာပါ။ ဒါက သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းကို ပြသနေပါတယ်” လို့ ပြောကာ ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးသွားခဲ့တာပါ။