မန်ချက်စတာဒါဘီ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမတိုင်ခင်ကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ ဒီဗိုလ်လုပွဲအပြီးမှာပဲ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ပစ်တော့မယ်ဆိုတဲ့ သတင်းတွေချည်းသာ ဖြစ်နေပါတယ်။

ဒါ့အပြင် တန်ဟက်ဂ်အနေနဲ့ ဂွာဒီယိုလာကို အလဲထိုးပြီး အက်ဖ်အေဖလားကို ရယူနိုင်စရာ မရှိဘူးလို့ ယူဆထားသူကလည်း (၁၀၀)မှာ (၉၀)လောက်အထိကို ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တန်ဟက်ဂ်က ဒီပွဲကို သေချာလေး ပြင်ဆင်လာခဲ့ပြီး မနှစ်က အက်ဖ်အေဖလား ဖိုင်နယ်ရှုံးကြွေးကိုလည်း မနှစ်က ရလဒ်အတိုင်း အကြွေးပြန်ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒီပွဲစဉ်အပြီးမှာ ယူနိုက်တက်အတွက် (၂)ရာသီအတွင်း အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့တဲ့ တန်ဟက်ဂ်က “ကျွန်တော်က အသင်းရဲ့ ပရောဂျက်ထဲမှာ ရှိနေသေးပြီးတော့ ကျွန်တော်တို့က ကျွန်တော်တို့ ရောက်လိုတဲ့ နေရာကို ရောက်ရှိဖို့အတွက် အသင်းကို တည်ဆောက်နေကြပါတယ်။ ကျွန်တော် ဒီကို ရောက်တုန်းကဆိုရင် အသင်းမှာ ကမောက်ကမတွေ ဖြစ်နေပေမယ့် အခုကတော့ အသင်းက အများကြီး တိုးတက်ပြောင်းလဲလာပါတယ်။”

“အသင်းရဲ့ အနာဂတ်အတွက် တည်ဆောက်နေတဲ့အခါမှာ အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့ပေမယ့်လည်း အသင်းက တိုးတက်လာတယ်။ ဆုဖလားတွေကိုလည်း ရရှိလာခဲ့တယ်။ အသင်းကလည်း သူရဲ့ ပင်ကိုဟန်နဲ့ ကစားလာနိုင်တယ်။ ဒါပေမယ့် ထိပ်တန်းအဆင့် အထူးသဖြင့် ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ဆိုရင် ကစားသမားကောင်းတွေနဲ့ တောင့်တင်းတဲ့ ကစားသမားစာရင်းကို လိုအပ်ပါတယ်။”

Photo Credit : Fabrizio Romano

“လက်ရှိ ကစားသမားစာရင်းထဲကမှ အသင်းအတွက် အကောင်းဆုံး အကျိုးပြုနိုင်မယ့် ကစားသမားတွေ fit ဖြစ်နေဖို့လည်း လိုပါတယ်။ အခုလည်း အသင်းမှာ အလားအလာကောင်းတဲ့ ကစားသမားလေးတွေနဲ့ တ်ိုးတက်လာတဲ့ ကစားသမားတွေလည်း ရှိလာပြီးတော့ အသင်းလည်း တိုးတက်လာခဲ့တယ်။ (၂)ရာသီမှာ ဖလား (၂)လုံး ရယူနိုင်ခဲ့တာကလည်း မဆိုးပါဘူး။ (၂)ရာသီမှာ ဖိုင်နယ် (၂)ကြိမ် တက်လှမ်းခဲ့တာလည်း မဆိုးပါဘူး။”

“ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေရပါမယ်။ ဒါကို ကျွန်တော် မကျေနပ်မိသေးပါဘူး။ ကျွန်တော်တို့ ပိုကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အသင်းဘက်ကနေ ကျွန်တော့်ကို ထပ်ပြီး အလိုမရှိတော့ဘူးဆိုရင်တော့ ကျွန်တော် တစ်သင်းသင်းဆီသွားပြီး ဆုဖလားတွေ ထပ်ယူပါမယ်။ ဒါက ကျွန်တော် လုပ်ဆောင်သွားမယ့် အရာပါပဲ။” လို့ တန်ဟက်ဂ်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။