ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရထားပေမယ့် သွင်းဂိုးတွေ လိုအပ်နေတဲ့ အသင်းဖော် တိုက်စစ်မှူး ရက်ဖို့ဒ်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ထိပ်တန်း အသင်းခေါင်းဆောင်ပဲလို့ ခေါင်းစဉ်တပ်ကာ ချီးကျူးသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် အဝေးကွင်းမှာ အဲဗာတန်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး တန်ဟက်ဂ်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် နည်းပြထိုင်ခုံ ကနေ အသင်းကို ကြီးကြပ်ခွင့် မရခဲ့ပါဘူး။

Photo Credit: Mirror

အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ရမှတ်လိုအပ်ချက်တွေ ရှိတောကြောင့် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးကာ အနိုင်ရလဒ် အတွက် ကြိုးစား ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲအစ ၃မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဂါနာချိုရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်ကြောင့် ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အဲဗာတန်က မန်ချက်စတာ ယူနိုက်တက်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားကာ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား အိုနာနာရဲ့ အကောင်းဆုံး လက်စွမ်းတွေကြောင့် ချေပဂိုး ပြန်မရခဲ့ပါဘူး။ ပွဲချိန် ၅၄မိနစ် ဝန်းကျင်မှာတော့ အဲဗာတန် ညာနောက်ခံလူ အက်ရှလေယန်းက ဂိုးဧရိယာ အတွင်းမှာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်အပေါ် ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ပုံမှန်ဆိုရင် အဆိုပါ ပင်နယ်တီကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ကန်သွင်းရမှာ ဖြစ်ပေမယ့် ဖာနန်ဒက်စ်ကတော့ ဂိုးမသွင်းတာ ကြာနေပြီ ဖြစ်တဲ့ အသင်းဖော် ရက်ဖို့ဒ်ကို ပင်နယ်တီ ကန်ခိုင်းခဲ့ပါတယ်။

ရက်ဖို့ဒ်ကလည်း အဆိုပါ ပင်နယ်တီကို အကောင်းဆုံး အဆုံးသတ်ကာ ယူနိုက်တက် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၇၅မိနစ်မှာတော့ မာရှယ်က ဘရူနို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှု ကနေ တဆင့် ယူနိုက်တက် အတွက် ပွဲသိမ်းကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: The Sun

အဲဗာတန် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က အသင်းဖော် ရက်ဖို့ဒ်အား ပင်နယ်တီ ကန်ခိုင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုကို အထူးတလည် ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့ဟာ ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ကောင်း တယောက် ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ သူက သူ့ရဲ့ အသင်းဖော်ဟာ သွင်းဂိုးတွေ လိုအပ်နေတယ် ဆိုတာ နားလည်ပါတယ်။ ပြီးတော့ သူက ရက်ဖို့ဒ်အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။ ရက်ဖို့ဒ်ကလည်း ပင်နယ်တီ ကန်သွင်းတဲ့ နေရာမှာ တကယ် တော်ပါတယ်။ အသင်းတိုင်းမှာ ဒီလိုမျိုး ခေါင်းဆောင်နိုင်စွမ်းတွေ လိုအပ်ပါတယ်” လို့ ပြောကာ ဘရူနိုကို ချီးကျူးသွားခဲ့တာပါ။

ဘရူနို ဖာနန်ဒက်စ်က အဲဗာတန် ၀-၃ မန်ချက်စတာ ယူနိုက်တက်ပွဲမှာ ရက်ဖို့ဒ်ကို ပင်နယ်တီ ပေးကန်ခဲ့သလို သူ ရခဲ့တဲ့ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုဆီ လွှဲပေးခဲ့ပါသေးတယ်။