ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူနေရတဲ့ အဓိက တိုက်စစ်မှူး ဟွိုက်လန်းဟာ မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Premier League

ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရနေပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

ဟွိုက်လန်းက တွန်းတွန်းတိုက်တိုက် ကစားနိုင်သလို အဆုံးသတ်ပိုင်း ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်က သူ့ကို အားပြုကာ ကစားနေရပြီး ဟွိုက်လန်းကလည်း သူ့ကို အားကိုးတဲ့ ယူနိုက်တက် အတွက် ဖေဖော်ဝါရီလ တစ်လထဲမှာတင် ပရီးမီးယားလိဂ်ဂိုး ၅ဂိုး အထိ သွင်းပေးခဲ့သလို သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဖေဖော်ဝါရီလရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟွိုက်လန်းက ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်နေပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖေဖော်ဝါရီလ ကုန်ခါနီးမှာ ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့် အနားယူနေရပြီး ဟွိုက်လန်း မရှိချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ပြိုင်ပွဲစုံမှာ ၃ပွဲ ကစားခဲ့ရာ ၁ပွဲသာ အနိုင်ရခဲ့ပြီး ၂ပွဲ အထိ ရှုံးနိမ့်ခဲ့သလို အဆိုပါ ၃ပွဲမှာ သွင်းဂိုး ၃ဂိုးထဲသာ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဟွိုက်လန်း တယောက် ဒဏ်ရာကနေ အမြန်ဆုံး ပြန်လည် သက်သာလာပါစေလို့ ဆုတောင်းနေကြပြီး တန်ဟက်ဂ်ကတော့ ဟွိုက်လန်းဟာ နောက်တပတ်မှာ ကစားမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သတင်းကောင်း ပါးလာခဲ့ပါတယ်။ တန်ဟက်ဂ်က – “နောက်တပတ်မှာတော့ တချို့ ကစားသမားတွေက အသင်းအတွက် ပြန်ကစားပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ တိုးတက်မှု အခြေအနေကို စောင့်ကြည့်ရပါဦးမယ်။ ဟယ်ရီ မက်ဂွိုင်းယား ၊ ဝမ် ဘစ္စကာတို့က လီဗာပူးပွဲမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဟွိုက်လန်းကလည်း သူတို့နဲ့ အတူတူပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။