မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က လူတန်တောင်းအသင်းကို အနိုင်ရခဲ့ပြီးနောက် မန်ယူနိုက်တက် နည်းပြတွေအားလုံးအနက် ပရီးမီးယားလိဂ် နိုင်ပွဲ (၃၀) အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ရပါတယ်။
အသက် (၅၃)နှစ်အရွယ် နယ်သာလန်လူမျိုး နည်းပြ တန်ဟက်ဂ်ဟာ ၂၀၂၂ခုနှစ် နွေရာသီမှာပဲ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ် + အပိုထပ်ဆောင်း (၁)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
Photo Credit : Sky Sports
အေဂျက်စ်မှာ ဖလား (၆)လုံးထိ ရယူပေးနိုင်ခဲ့ပြီး ကစားသမားကောင်းတွေကိုပါ မွေးထုတ်နိုင်ခဲ့တဲ့ တန်ဟက်ဂ်က ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်မှာလည်း လိဂ်ဖလား ဆွတ်ခူးပေးရင်း ဆုဖလားတွေနဲ့ နှစ်အတန်ကြာ ဝေးကွာနေမှုကို ရပ်တန့်ပေးနိုင်ခဲ့ပါတယ်။
တန်ဟက်ဂ်က ယူနိုက်တက်ကို (၇၈)ပွဲမြောက်အဖြစ် ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲပေါင်း ပွဲ(၅၀)ထိ ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက် သမိုင်းတစ်လျှောက် နိုင်ပွဲ(၅၀) အမြန်ဆုံး ပြည့်မြောက်နိုင်တဲ့ နည်းပြအဖြစ် စံချိန်တင်သွားခဲ့ရပါတယ်။
Photo Credit : The Telegrph
ဒါ့အပြင် တန်ဟက်ဂ်ဟာ သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် နိုင်ပွဲ (၂၃)ပွဲ ရယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၁၂)ပွဲ ကစားထားပြီးချိန် နိုင်ပွဲပေါင်း (၇)ပွဲထိ ပိုင်ဆိုင်ထားတာကြောင့် တန်ဟက်ဂ်ရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ စုစုပေါင်းက ပွဲ(၃၀)ပြည့်သွားခဲ့ရပါတယ်။
အခုလို ပရီးမီးယားလိဂ် နိုင်ပွဲပေါင်း (၃၀)ပြည့်မြောက်ခဲ့တဲ့ တန်ဟက်ဂ်က ယူနိုက်တက် နည်းပြတွေထဲ ပရီးမီးယားလိဂ် နိုင်ပွဲ (၃၀)ကို အလျင်မြန်ဆုံး ပြည့်မြောက်နိုင်ခဲ့တဲ့ နည်းပြတစ်ဦးအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။