ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်ရဲ့ ခြေစွမ်းကောင်းတွေကို ယခုရာသီမှာ မြင်တွေ့ရလိမ့်မယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်တိုနီ မာရှယ်က မန်ချက်စတာ ယူနိုက်တက်ထံ ၂၀၁၅ခုနှစ်မှာ မိုနာကိုကနေ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိခါစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူပါ။

Photo Credit: Express

ဒါပေမယ့် မာရှယ်က မန်ချက်စတာ ယူနိုက်တက်ကို ဆိုးလ်ရှား တယောက် တာဝန်ယူ ကိုင်တွယ်ခဲ့ချိန်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ကနေ အရန်တိုက်စစ်မှူး အဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရသလို ဒဏ်ရာတွေ မကြာခဏ ရရှိခဲ့တာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ အန်တိုနီ မာရှယ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကတော့ မာရှယ်ရဲ့ ခြေစွမ်းတွေကို ယုံကြည်တာကြောင့် အသင်းမှာ ဆက်လက် နေရာပေးဖို့ ဆုံးဖြတ်ခဲ့သလို မာရှယ်ကလည်း နောက်ဆုံး ပါဝင် ကစားခွင့် ရခဲ့တဲ့ ခြေစမ်းပွဲ ၂ပွဲလုံးမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး သူက တန်ဟက်ဂ်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်းကို သက်သေပြထားပါတယ်။

Photo Credit: Express

အဲရစ် တန်ဟက်ဂ်ကလည်း သူဟာ မာရှယ်ဆီမှာ ရှိနေတဲ့ အရည်အသွေးတွေကို ထုတ်ဖော်နိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေပြီး ပရိသတ်တွေက သူတို့မြင်ဖူးသမျှထဲမှာ အကောင်းဆုံး မာရှယ်ကို ယခုနှစ် ဘောလုံးရာသီမှာ မြင်တွေ့ရမယ်လို့လည်း အာမခံချက် ပေးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ကတော့ မာရှယ်ဟာ အရင့် အရင်ကထက် ပိုကောင်းတဲ့ ကစားသမား တယောက် ဖြစ်လာမယ် ဆိုတာ သေချာသိနေပါတယ်။ မာရှယ်ကသာ မှန်ကန်တဲ့ အာရုံစူးစိုက်မှု ၊ မှန်ကန်တဲ့ စိတ်ထားနဲ့ အလုပ်သာ ကြိုးစားမယ် ဆိုရင် သူက အများကြီး တိုးတက်လာနိုင်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကစားသမားကောင်း တယောက် ဖြစ်နေလို့ပါ။ ကျွန်တော်က သူ့ကို မင်းသာ နေ့တိုင်းမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ကြိုးစားမယ် ဆိုရင် သေချာပေါက် တိုးတက်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။