ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်ဗဟို နေရာအတွက် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် ဒီဂျောင်ကိုသာ မရရင် နောက်ထပ် အစားထိုး ကွင်းလယ်လူ တဦးကို ထပ်မံ ခေါ်ယူမှာ မဟုတ်ပဲ အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေကိုသာ နေရာပေးဖို့ ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ မာတစ်တို့ကို လက်လွှတ် ဆုံးရှုံးထားရတာကြောင့် ကွင်းလယ်အထိုင် နေရာအတွက် ဘာစီလိုနာရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ခေါ်ယူဖို့လည်း ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားပြီးပါပြီ။

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု မရရှိသေးပဲ ဒီဂျောင်ကတော့ ဘာစီလိုနာမှာ ဆက်နေဖို့ကို နံပါတ်တစ် ဦးစားပေး အဖြစ် သတ်မှတ်ထားပြီး ဘာစီလိုနာကနေ မဖြစ်မနေ ထွက်ခွာရမယ် ဆိုရင်လည်း သူ ရစရာ ရှိတဲ့ လုပ်ခလစာ အကြွေး ယူရို ၂၀သန်းကျော်ကို ရရှိပြီးမှသာ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ဒီဂျောင်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မရေရာမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကိုသာ မရရင် ဘယ်ကစားသမားကို အစားထိုး ခေါ်ယူမလဲ ဆိုတာ စဉ်းစားသင့်နေပြီလို့ တိုက်တွန်း အကြံပေးနေကြကာ အဲရစ် တန်ဟက်ဂ်ကတော့ သူ လိုချင်တဲ့ ဒီဂျောင်ကိုသာ မရရင် အသင်းနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ အစ်ဘယ်နဲ့ ဆာဗေ့ချ်တို့ နှစ်ဦးထဲက အစ်ဘယ်ကို နေရာပေးဖွယ် ရှိနေကြောင်း ဆိုပါတယ်။

Photo Credit: Goal

တန်ဟက်ဂ်က – “ခင်ဗျားတို့ ပြောတဲ့ ကစားသမားက (ဒီဂျောင်ကို ဆိုလိုလျက်) ကျွန်တော်တို့အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တို့မှာ ကွင်းလယ်အထိုင် နေရာကို ဝင်ရောက် ကစားနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် တကယ်လို့သာ အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားမျိုး မရခြ့ရင် ကျွန်တော်ကတော့ လူငယ်ကြယ်ပွင့် (အစ်ဘယ်အား ရည်ညွှန်းလျက်) တယောက်ကို မြေတောင် မြှောက်ပေးဖို့ ဆုံးဖြတ်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် နှစ်ဦး ဖြစ်တဲ့ အစ်ဘယ်နဲ့ ဆာဗေ့ချ်တို့ နှစ်ဦးက ရာသီကြို ခြေစမ်းပွဲတွေမှာ အတော်လေး ခြေစွမ်းပြနေကြပြီး အဆိုပါ ကစားသမား နှစ်ဦးအနက် အစ်ဘယ်က ဒီဂျောင်လို ဘောလုံးနဲ့အတူ ဆွဲပြေးမှုတွေမှာ အတော်လေး ကောင်းမွန်သလို ဘောလုံးအမြင်လည်း ထက်မြက်တာကြောင့် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် လူငယ်ကြယ်ပွင့် ဖြစ်နေပါတယ်။