ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားရမယ့် နယူးကာဆယ်နဲ့ ပွဲစဉ်မတိုင်မီမှာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း တခု အဖြစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အန်တိုနီ မာရှယ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေကြောင်း ပြောပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်တိုနီ မာရှယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဆီဗီးလားထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရသူ ဖြစ်ပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ် ရောက်လာပြီးနောက် အသင်းအတွက် ပါဝင် ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူပါ။

Photo Credit: Express

မာရှယ်က ရာသီမစခင်လေးမှာတင် ဒဏ်ရာရသွားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ များများစားစား မကစားပေးနိုင်သေးပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ မာရှယ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာဖို့ ရှိနေကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မာရှယ်ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

Photo Credit: Express

တန်ဟက်ဂ်က – “အန်တိုနီ မာရှယ်က ဒီပွဲမှာ (နယူးကာဆယ်နဲ့ပွဲ) ပြန်လည် ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာအခြေအနေဟာ ဘယ်လောက် အထိ တိုးတက်လာသလဲ ဆိုတာကို သေချာ စောင့်ကြည့်ဖို့ လိုအပ်နေပါသေးတယ်” လို့ မာရှယ်ရဲ့ အနေအထားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို သတင်းကောင်း ပါးလိုက်တာပဲ ဖြစ်ပါတယ်။