ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အသင်းပိုင်ရှင်သစ် INEOSရဲ့ ယုံကြည်မှုကို အပြည့်အဝ မရတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ကို ခေါ်ယူစဉ်မှာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က ယူနိုက်တက်ဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ ဖွဲ့စည်းပုံ တချို့ကို ပြောင်းလဲခဲ့သလို လူငယ်ကစားသမားတွေကိုလည်း ယုံယုံကြည်ကြည် နေရာပေးခဲ့ပြီး သူ့ရဲ့လက်အောက်မှာ ယူနိုက်တက်က ဂါနာချို ၊ မိုင်နူး စတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်နိုင်ခဲ့သလို ကမ်ဘွာလာ ၊ ဖိုဆန် စတဲ့ လူငယ်ကစားသမားတွေကိုလည်း စင်တင်ပေးနိုင်ခဲ့ပါတယ်။

တန်ဟက်ဂ်က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာလည်း အသင်းအတွက် ကာရာဘောင်းဖလား ဆွတ်ခူး ရယူပေးနိုင်ခဲ့သလို အက်ဖ်အေဖလား ငွေတံဆိပ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၃)နေရာတွေကိုပါ အပိုဆောင်းအနေနဲ့ ထပ်ယူပေးခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ်ရာသီမှာတော့ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ရလဒ်တွေ ဆိုးဝါးနေပြီး ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားဆီ ရောက်နေကာ လက်ကျန်ဆုဖလား မျှော်လင့်ချက်က အက်ဖ်အေဖလား တလုံးထဲသာ ကျန်ပါတော့တယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်သင့် ၊ မသင့် စတင် စဉ်းစားနေကြပြီး INEOSက တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်ခဲ့ရင်တောင် လက်ရှိ ရထားတဲ့ လုပ်ပိုင်ခွင့်တွေထဲက တချို့ကို ပြန်ရုတ်သိမ်းဖို့ ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ INEOSက တန်ဟက်ဂ်ရဲ့ အနာဂတ် အတွက် စဉ်းစားမှုတွေ လုပ်နေသလို တန်ဟက်ဂ်ကလည်း သူ့ကို အပြည့်အဝ မယုံကြည်တဲ့ အသင်းပိုင်ရှင်ရဲ့ လက်အောက်မှာ ဆက်လုပ်သင့် ၊ မလုပ်သင့် စဉ်းစားနေပြီး အခုတလောမှာ တန်ဟက်ဂ်က ယခင်လို အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်မလုပ်တော့တာကြောင့် ယူနိုက်တက်ရဲ့ ကစားသမား အများစုက တန်ဟက်ဂ် တယောက် ရာသီကုန်ချိန်မှာ နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်သွားမှာကို စိုးရိမ်နေကြကြောင်း သိရှိရပါတယ်။