မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ အဓိက ဂိုးသမား အန်ဒရေ အိုနာနာအနေနဲ့ အရင်လို ပုံစံကောင်းတွေ ပြန်လည် ရရှိဖို့နဲ့ အမှားတွေ နည်းပါးလာဖို့အတွက် ကြိုးစားသွားရမယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်မှာ (၁၂)နှစ်အထိ ပါဝင်ကစားခဲ့တဲ့ ဂိုးသမား ဒီဂီယာကို လက်လွတ်ပြီး အေဂျက်စ်မှာ တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ဖူးသူ အိုနာနာကို ပြန်လည် ခေါ်ယူခဲ့တဲ့ ယူနိုက်တက်ဟာ အခု လွတ်တဲ့ငါး ကြီးသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရကာ အိုနာနာကလည်း ပွဲတိုင်းနီးပါး တည်တည်ငြိမ်ငြိမ် ကစားနိုင်ပဲ အမှားတွေသာ ကျူးလွန်မိနေပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်အသင်းနဲ့အတူ အလွန် တောက်ပခဲ့တဲ့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်မှာတော့ အသင်းရဲ့ ဂိုးပေါက်မှာ အားထားရတဲ့ ဂိုးသမား ဖြစ်လာဖို့ ရုန်းကန်နေရပြီး တည်ငြိမ်မှု ကင်းမဲ့နေကာ အမှားအယွင်းလည်း များနေခဲ့ရပါတယ်။

အိုနာနာနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “သူအများကြီး ပိုကောင်းအောင် လုပ်လာလိမ့်မယ်ဆိုတာ သူရော ကျွန်တော်တို့ရော သိထားပါတယ်။ ပရီးမီးယားလိဂ်ဆီ စတင် ရောက်ရှိလာတဲ့ ကစားသမားတိုင်းလိုလို ဒီလိဂ်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်ဖို့အတွက် အချိန်တစ်ခု လိုအပ်တက်ပါတယ်။”

Photo Credit : Sky Sports

“ဒါပေမယ့် သူက ဒါကို ကြိုးစားပြီး ကျော်လွှားသွားရမယ်။ ပီတာ ရှမိုက်ကယ် နဲ့ ဒေးဗစ် ဒီဂီယာတို့လည်း ဒီအတိုင်းပဲ တာထွက်မကောင်းခဲ့ကြပါဘူး။ ဒါကိုလည်း အန်ဒရေ သိထားတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတိတ်မှာ နေထိုင်နေကြတာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး သူ့အနာဂတ်ကို မြင့်တင်ရပါမယ်။ သူ ဒီလို လုပ်နိုင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောဆိုထားခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ ဒီဂီယာ ဒင်းဟန်ဒါဆန်တို့ကို အသင်းကနေ လက်လွတ်ခဲ့ပြီး အိုနာနာ နဲ့ ဘယင်ဒါတို့ကို ပြန်လည် ခေါ်ယူထားခဲ့ပေမယ့်လည်း တန်ဟက်ဂ်က အိုနာနာကိုသာ တောက်လျှောက် အသုံးပြုနေပြီး တူရကီ ဂိုးသမား ဘယင်ဒါကိုတော့ ပွဲထွက်ခွင့် မပေးသေးပဲ အရန်စာရင်းမှာသာ ထည့်သွင်းထားပါတယ်။