အဲဗာတန်နဲ့ပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူသွားရတော့မယ့် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ုဖို့ဒ်နေရာမှာ နောက်ထပ် တိုက်စစ်မှူးတစ်ဦးဖြစ်သူ အန်တိုနီမာရှယ်က အကောင်းဆုံး အစားဝင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ အဲဗာတန်အသင်းကို (2-0) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းအတွက် အရေးပါဆုံး ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်က မာရှယ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီးလောက်မှာ ဒဏ်ရာရသွားခဲ့လို့ လူစားလဲခဲ့လိုက်ရသလို အခုဆိုရင်လည်း ရပ်ရှ်ဖို့ဒ်ဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတား ပကျော့ပွဲစဉ်အပြင် ယူနိုက်တက်ရဲ့ ပွဲတော်တော်များများကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေရပါတယ်။
Photo Credit : Reuters
ဒီအချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အသင်းဖော်ဖြစ်သူ မာရှယ်က ဒဏ်ရာကနေ အချိန်မီ သက်သာလာခဲ့တဲ့အပြင် အဲဗာတန်နဲ့ ပွဲစဉ်မှာပါ သွင်းဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် ယုံကြည်ချက်တွေ ပြန်လည် မြင့်မားနေနိုင်ပါတယ်။ တင်ပါး ၊ တံကောက်ကြော ၊ နောက်ကျော အစရှိတဲ့ ဒဏ်ရာတွေနဲ့ လုံးလည်ချာလည် လိုက်နေရတဲ့ မာရှယ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၁၇)ပွဲ ကစားထားပေမယ့်လည်း (၇)ပွဲသာ ပွဲထွက်အဖြစ်နဲ့ ကစားခဲ့ရပါတယ်။
Photo Credit : Manchester Evening News
မာရှယ်နဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “ခင်ဗျား ပြောသလိုဆိုရင် ကျွန်တော်က သူ့ကို ကာကွယ်နေခဲ့တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က ကိန်းဂဏန်း အချက်အလက်တွေကို ညွှ့န်ပြရုံပါပဲ။ ဒီအချက်အလက်တွေက သူ ကွင်းထဲမှာ ရှိနေတဲ့အချိန်တွေဆိုရင် ဂိုးတစ်ဂိုး သွင်းယူနိုင်ဖို့အတွက် တခြား ကစားသမားတွေထက် အချိန် သိပ်မယူရဘူး ဆိုတာကို ပြနေတာပါပဲ။ သူက အသင်းနဲ့ ရှိနေချိန် သြဂုတ်လထဲမှာ ကစားခဲ့တဲ့ မန်စီးတီး ၊ လီဗာပူးလ်ပွဲတွေမှာဆိုရင် ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့သလို ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်ခဲ့တယ်။ အဲ့ဒီမှာပဲ သူက ဒီအသင်းအတွက် ဘယ်လောက်အထိ ပါဝင်နိုင်ခဲ့လဲဆိုတာကို ကျွန်တော် မြင်ခဲ့ရတယ်” လို့ ပြောဆိုခဲ့ပါတယ်။