ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အရေးနိမ့်ခဲ့ရတာဟာ ခံစစ်ပိုင်း အမှားတွေကြောင့် ဖြစ်ကြောင်း ထောက်ပြ ဝန်ခံသွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့သလို ကစားကွက် အခင်းအကျင်းလည်း အတော်လေး ကောင်းခဲ့တာကြောင့် ပွဲက ကြည့်ကောင်းခဲ့ပြီး ပွဲရဲ့ ဦးဆောင်ဂိုးကို မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်ရဲ့ လှပ သေသပ်တဲ့ အဝေးကန်ချက်နဲ့အတူ စတင် ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အပျော်တွေက ၇မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး အာဆင်နယ် တိုက်စစ်မှူး အန်ခီးတီးယားက ဘစ္စကာရဲ့ ပေါ့လျော့မှုကနေ အာဆင်နယ် အတွက် ချေပဂိုးကို ပွဲချိန် ၂၄မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက ကစားပုံ အသာစီး ရအောင် ကြိုးစား ကစားခဲ့ကြပြီး ပွဲချိန် ၅၃မိနစ်မှာတော့ ဆာကာက မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးတွေရဲ့ ဘောလုံးကာကွယ်ပုံ အမှားကနေ တဆင့် အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်က ပွဲကို ပြန်လည် ဦးဆောင်ခွင့် ရခဲ့ပေမယ့် ပွဲချိန် ၅၉မိနစ်မှာ နောက်ခံလူ မာတီနက်ဇ်က ထောင့်ကန်ဘော ကနေ တဆင့် ကျလာတဲ့ ဘောလုံးကို ခေါင်းတိုက်ကာ မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ၂ဂိုးစီ သရေကျနေပြီးနောက် ပွဲက အနည်းငယ် အေးသွားခဲ့သလို နှစ်သင်းစလုံးက ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်တော့ပေမယ့် ပွဲချိန် ၉၀မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ ပေါ့လျော့မှုကနေ ရလာတဲ့ အခွင့်အရေးကို အန်ခီးတီးယားက အကောင်းဆုံး အဆုံးသတ်ကာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးပွဲနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ် ၃-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့ခံစစ်မှူးတွေရဲ့ ကစားပုံ လျော့ရဲမှုကို အပြစ်တင်သွားခဲ့ပြီး သူတို့အသင်းက ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူချင်ရင် ဒီလိုအမှားမျိုးတွေ ကျူးလွန်လို့ မရကြောင်း ထောက်ပြသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့တွေ ဒီနေ့မှာ ပေးလိုက်ရတဲ့ ပေးဂိုးတွေ အားလုံးက ကိုယ့်ရဲ့ အမှားတွေကြောင့် ပေးလိုက်ရတဲ့ သွင်းဂိုးတွေချည်းပါပဲ။ ကျွန်တော်တို့က ဒီလိုအမှားမျိုးတွေ ကျူးလွန်လို့ မရပါဘူး။ ပြီးခဲ့တဲ့ တပတ်မှာလည်း ကျွန်တော်တို့က မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့ပေမယ့် ဒီလို ခံစစ်အမှားတွေကြောင့် ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ အမှားတွေကို ပြန်လည် အဖတ်ဆယ်ခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့က ပေးဂိုး ၃ဂိုးစလုံးကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ တဖက်အသင်းက ဂိုးသွင်းခွင့် ကြီးကြီးမားမား ရခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော်တို့က မလုပ်သင့်တဲ့ အမှားတွေ လုပ်ခဲ့မိပါတယ်။ ဒီနေ့ပွဲရဲ့ အရှုံး ၊ အနိုင်ကို သေးငယ်တဲ့ လှုပ်ရှားမှုတွေ ၊ ဆုံးဖြတ်ချက်တွေကပဲ ဆုံးဖြတ်ပေးသွားခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။