ဆော်ဒီစူပါလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အယ် နက်ဆာက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်သူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အယ် နက်ဆာက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒို အပြင် ဘရိုဇိုဗစ် ၊ အော့စ်ပီနာ ၊ တာလစ္စကာ စတဲ့ ကြယ်ပွင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ အယ် အီတီဟတ် ၊ အယ် ဟီလယ်နဲ့ အယ် အတ်တီဖတ်တို့က ထိပ်သီး ကစားသမားတွေကို ခေါ်ယူနေတာကြောင့် သူတို့အသင်းကို ယခုနွေဈေးကွက် အတွင်းမှာ တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

Photo Credit: MEN

တဖက်မှာတော့ အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်က မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေသေးသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူ့ကို အသင်းမှာ မလိုအပ်တော့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး တဲလက်စ်ကလည်း အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

အဲလက်စ် တဲလက်စ်က တိုက်စစ်အားသန် ဘယ်နောက်ခံလူ တဦး ဖြစ်တာနဲ့အညီ ခံစစ်ကစားချိန်မှာ ကစားပုံ လျော့တိလျော့ရဲ ဖြစ်တတ်ပေမယ့် သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ဘောတွေနဲ့ လိုအပ်ရင် သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့ အချက်တွေကြောင့် တိုက်စစ်ပိုင်း အတွက် အားကိုးရတဲ့ ဘယ်နောက်ခံလူပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေက တဲလက်စ်ကို သူတို့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး တဲလက်စ်ကလည်း သင့်တော်တဲ့ လုပ်ခလစာ တရပ်သာ ရရှိမယ် ဆိုရင် ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Record

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ပင်တိုင် သတင်းထောက် ခရစ် ဝီလာရဲ့ ဖော်ပြချက်အရ အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေက တဲလက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး အယ် နက်ဆာက တဲလက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူပြီးရင် မန်ချက်စတာ ယူနိုက်တက်နဲ့ တဲလက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ဆက်လက် ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ပေးကာ ခေါ်ယူထားရတဲ့ တဲလက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ၁၀သန်းကြား ပမာဏ တရပ် တောင်းဆိုဖွယ် ရှိနေပါတယ်။