စပိန်လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ ဂျာဗီးယား တေဗက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ်လို့ သတင်းကြီးနေတဲ့ ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား ဖြစ်ဖို့ ၉၉ရာခိုင်နှုန်း သေချာနေပြီလို့ အတိအလင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပေမယ့် သူက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ်လို့ သတင်းကြီးနေပါတယ်။

Photo Credit: Goal

အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ရဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပေမယ့် စာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါဝင်နေပြီး ပီအက်စ်ဂျီက အဆိုပါ အပို ၁နှစ် သက်တမ်းတိုးခွင့်ကို သုံးချင်နေပေမယ့် အမ်ဘာပေကတော့ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

လတ်တလောမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ ကြားထဲမှာ ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့နေပြီး ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို “ရွှေဘောလုံးဆု ရရင် အပိုဆုကြေး ထပ်ချီးမြှင့်မယ်” ဆိုတဲ့ အချက်ကိုပါ စာချုပ်ထဲ ထည့်သွင်း ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံပရိသတ်လည်းဖြစ် လာလီဂါဥက္ကဌလည်း ဖြစ်တဲ့ တေဗက်ကတော့ အမ်ဘာပေဟာ ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးဖို့ သေချာနေပြီလို့ အခိုင်အမာ ထုတ်ပြောလာပါတယ်။ တေဗက်က – “အမ်ဘာပေရဲ့ အသင်းသစ်လား။ အင်္ဂလန်အသင်းတွေက သူ့ကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ တဖြည်းဖြည်းနဲ့ လျော့လာပါပြီ။ အရာရာတိုင်းက အမ်ဘာပေရဲ့ အသင်းသစ်ဟာ စပိန်အသင်း ဖြစ်မယ်လို့ ညွှန်ပြနေကြပါတယ်။ ပြီးတော့ စပိန်နိုင်ငံမှာ ရီးရဲလ်မက်ဒရစ် တသင်းထဲကပဲ အမ်ဘာပေကို ခေါ်ယူနိုင်တာပါ။ ဒါကြောင့် ကျွန်တော်ကတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာဖို့ သေချာနေပြီလို့ ပြောချင်ပါတယ်။ အမ်ဘာပေက ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးမယ့် ရာခိုင်နှုန်းက ၉၉ရာခိုင်နှုန်းကျော် ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။