၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်ရောက် ပြင်သစ်နဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ချူအာမီနီက သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်သူ အမ်ဘာပေဟာ အခုချိန်မှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချူအာမီနီနဲ့ အမ်ဘာပေတို့ရဲ့ ပြင်သစ်ဟာ လီယွန်နယ် မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ကို လာမယ့် တနင်္ဂနွေနေ့ည ၉နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။

Photo Credit: France Football

ပြင်သစ်က လက်ရှိ ကမ္ဘာ့ချန်ပီယံ ဖြစ်သလို အာဂျင်တီးနားကလည်း လက်ရှိ တောင်အမေရိကချန်ပီယံ ဖြစ်ပြီး နှစ်သင်းစလုံးက အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်ခဲလွန်းပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီ ရှိနေတဲ့ အာဂျင်တီးနားက  လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို အနိုင်ယူနိုင်မယ်လို့ သုံးသပ်နေကြပြီး ပြင်သစ်ရဲ့ အဓိက ကွင်းလယ်လူ ချူအာမီနီက အဆိုပါ သုံးသပ်ချက်တွေကို လက်မခံပဲ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလည်းဖြစ် ၊ နိုင်ငံအသင်းဖော်လည်း ဖြစ်တဲ့ အမ်ဘာပေသာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: France Football

ချူအာမီနီက – “ဂရစ်ဇ်မန်းက လီယွန်နယ် မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ပြောခဲ့တာလား။ ကျွန်တော်ကတော့ အဲ့ဒီလို မထင်ပါဘူး။ ကျွန်တော့်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားက ကိုင်လီယန်ပါ။ (အမ်ဘာပေအား ရည်ရွယ်လျက်) ကျွန်တော့်အတွက် အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သလို ကမ္ဘာ့ဖလားဖိုင်နယ်မှာလည်း သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တဲ့ အကြောင်းကို သက်သေပြနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

အမ်ဘာပေနဲ့ မက်ဆီတို့က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တယောက်ကို ၅ဂိုးစီ သွင်းယူထားကြပြီး အကယ်၍ သူတို့နှစ်ဦးထဲက တဦးကသာ ဖိုင်နယ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် အဲ့ဒီလူက ကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်ခွင့် ရမှာ ဖြစ်ကာ နှစ်ဦးစလုံးက ဂိုးမသွင်းနိုင်ရင်တော့ ပူးတွဲ ရွှေဖိနပ်ဆုကို ရရှိသွားမှာလည်း ဖြစ်ပါတယ်။