နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် ဘာမှ မယ်မယ်ရရ ခြေစွမ်းပြသနိုင်ခြင်း မရှိပဲ ရုန်းကန်နေခဲ့ရတဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ဖွင့်ဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၃၀)အထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ သွင်းဂိုး (၂)ဂိုးသာ ရရှိထားပြီး ခြေစွမ်းပိုင်းလည်း ကျဆင်းလျက် ရှိနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု နယူးကာဆယ်နဲ့ ပွဲမှာလည်း သူရဲ့ body language တွေက ပြောစရာတစ်ခုလို ဖြစ်လာခဲ့ပြန်ပါတယ်။

Photo Credit : talkSPORT

အဲ့ဒီပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ထိထိရောက်ရောက် ကစားပေးနိုင်ခဲ့ခြင်း မရှိပဲ ဒုတိယပိုင်း (၆၁)မိနစ်မှာ လူစားလဲခံခဲ့ရသလို သူရဲ့ အမှုအယာတွေဟာလည်း ကြိုးစားအားထုတ်မှု ကင်းမဲ့နေတဲ့ ပုံစံမျိုးတွေလိုပါ ဖြစ်နေရပါတယ်။

ဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ကျွန်တော် မားကပ်စ်နဲ့ စကားပြောဆိုသွားရပါလိမ့်မယ်။ မီဒီယာတွေမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်က ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုတွေ အမှားအယွင်းတွေကို ပြောလေ့ရှိတဲ့သူ မဟုတ်ပါဘူး။”

Photo Credit : TEAMtalk

“အခုအချိန် ဒီပြသာနာက ဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်တော် သိပေမယ့်လည်း တကယ်တော့ မားကပ်စ်က သူ ခြေစွမ်းတွေ ပြသနိုင်ဖို့အတွက် အသေအချာ အားစိုက်ထုတ်နေတာပါ။ ဒါကြောင့်လည်း သူက သူရဲ့ အကောင်းဆုံးပုံစံကို မကြာခင်မှာပဲ ပြန်ရသွားလိမ့်မယ်။ သူ ဒီအခြေအနေကနေ ပြန်လာနိုင်လိမ့်မယ်။ အဲ့လို ဖြစ်လာဖို့လည်း ကျွန်တော်တို့ဘက် သူ့ကို အကောင်းဆုံး ပံ့ပိုးပေးနေပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မနှစ်က အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ဘာမှကို မဆိုင်တော့ပဲ ဂိုးတွေ သွင်းယူနိုင်ဖို့အပြင် ပုံမှန် ခြေစွမ်းတွေ ပြသနိုင်ဖို့ပါ ရုန်းကန်နေရပြီး အခုလည်း ပြိုင်ပွဲစုံ (၁၈)ပွဲထိ ကစားထားပြီးချိန်မှာ သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ်သာ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။