ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sportsmax

အသက်(၃၁)နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူနိုက်တက် နဲ့ ရက်ဒင်းအသင်းတို့ရဲ့ အက်အေဖလားပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ရက်ဒင်း ကစားသမား အန်ဒီကာရိုးရဲ့ ဆိုးရွှားလွန်းလှတ့ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် အဲရစ်ဆင်အနေနဲ့ ဧပြီလကုန်ပိုင်းလောက်အထိ အနားယူသွားရမှာဖြစ်လို့ တန်ဟက်ဂ်က ကွင်းလယ်ပိုင်းအတွက် ဆာဘစ်ဇာကိုပါ ဘိုင်ယန်မြူးနစ်ကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ရပါသေးတယ်။

Photo Credit : Clutchpoints

နွေဈေးကွက်တုန်းက မန်ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ အဲရစ်ဆင်ဟာ ခြေချင်းဝတ်ဒဏ်ရာ မရရှိသွားခင်အထိ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၁)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၂)ဂိုးသွင်း (၉)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အသင်း ကွင်းလယ်မှာ အရေးပါတဲ့ အခန်းတဏ္ဍကနေ ပါဝင်နိုင်ခဲ့သူ အဲရစ်ဆင်နဲ့ ပတ်သတ်ပြီး တန်ဟက်ဂ်က “ခရစ္စတီယန်အဲရစ်ဆင်က ဒီရာသီမှာ ပြန်ကစားနိုင်ဖို့ သေချာပါတယ်။ ဒါပေမယ့် ဘယ်အချိန်လောက် ပြန်ကစားနိုင်မလဲဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ သူရဲ့ ဒဏ်ရာ ပျောက်ကင်းလာမှု တိုးတတ်လာမှုအပိုင်းတွေမှာတော့ အဆင်ပြေနေတယ်လို့ ကျွန်တော် ထင်တယ်။ အစီအစဉ်အတိုင်း သွားနေပါမယ်။ မကြာခင်မှာလည်း သူ့ကို ကျွန်တော်တို့ သေချာပေါက် ပြန်လည် မြင်တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာပွဲစဉ်တွေရဲ့ ရက်သတ္တပတ်မတိုင်ခင် ပြန်ကစားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ယူနိုက်တက်အသင်းဆီကို ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ လိဂ်ဖလား ချန်ပီယံဆု ဖြစ်လာခဲ့ရပါတယ်။