မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူ့အနေနဲ့ အသင်းက နည်းပြအပြောင်းအလဲ လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေကို စိတ်မဝင်စားပဲ လာမယ့်ရာသီမှာလည်း အသင်းနည်းပြအဖြစ် ဆက်ရှိနေဖို့က သေချာတယ်လို့ အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို ဗြိတိန် သန်းကြွယ်သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS တို့က ရှယ်ယာ (၂၅)% ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာပဲ နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း လှုပ်ခတ်လာခဲ့ရသလို ရာသီအကုန်မှာ တန်ဟက်ဂ်နေရာအတွက် နည်းပြသစ်တစ်ဦးနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေဟာလည်း ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ပိုဆိုးတာက တန်ဟက်ဂ်ဟာ International Break အပြီးမှာပဲ အသင်းကို ရလဒ်ကောင်းတွေ ပြန်လည် ယူဆောင်ပေးနိုင်ခြင်း မရှိပဲ ဘရန့်ဖို့ဒ်ကို သရေနဲ့ ချယ်လ်ဆီးကို အရှုံးပေးခဲ့ရတာကြောင့် တန်ဟက်ဂ်ရဲ့ အခြေအနေတွေက လီဗာပူးလ်ပွဲအပေါ်မှာပါ မူတည်လာတယ်လို့ သုံးသပ်လာခဲ့ကြပါတယ်။

ဒါပေမယ့် တန်ဟက်ဂ်ကတော့ သူ့နည်းပြရာထူးအတွက် ယုံကြည်နေဆဲဖြစ်ပြီး အသင်းပိုင်ရှင်တွေဘက်ကလည်း သူ့ကို အနည်းဆုံး နောက်တစ်ရာသီအထိ ဆက်လက် တာဝန်ဆက်ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

 

“ကျွန်တော့်မှာ နည်းပြရာထူးအတွက် သံသယတွေ ရှိမနေပါဘူး။ ဒီအသင်းမှာ ရှိနေရတာကိုလည်း ကျွန်တော် သဘောကျပါတယ်။ ဒါက စိန်ခေါ်မှုတစ်ခုပါပဲ။ အသင်းရလဒ်တွေက အမြဲတမ်း လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေတာ မဟုတ်ပေမယ့် ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာကို ရောက်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီထဲမှာတော့ အတော်လေးကို ရုန်းကန်နေခဲ့ရပါတယ်။