မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့်လည်း မနေ့ညက ဖူလ်ဟမ်အသင်းကို ရင်ဆိုင်သွားခဲ့စဉ် အသုံးပြုခဲ့တဲ့ လူစာရင်းနဲ့ဆိုရင် မဖြစ်မနေ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းက ဒီဖေဖော်ဝါရီလထဲမှာ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက် နိုင်ပွဲရထားပြီး Top 4 နေရာအတွက်ပါ မျှော်လင့်ချက်ကောင်းလာရပေမယ့်လည်း နိုင်ပွဲရတဲ့ ပွဲတွေမှာပါ အသင်းက ဂိုးပေါက်ကန်သွင်းချက်ပေါင်းများစွာ ခွင့်ပြုခဲ့ရသလို အခုလည်း အဝေးကွင်းမကောင်းတဲ့ ဖူလ်ဟမ်ကိုလည်း Goal Attempts (၁၇)ကြိမ်အထိ ခွင့်ပြုခဲ့ရပါသေးတယ်။

Photo Credit : beIN SPORTS

ဒီပွဲမှာတော့ ယူနိုက်တက်ဘက်က အဓိက တိုက်စစ်မှူး ဟွိုင်လန်း ဒဏ်ရာကြောင့် မပါနိုင်ခဲ့လို့ သူ့နေရာအတွက် လူငယ် ကစားသမားလေး ဖော်ဆန်ကို ထည့်သွင်းခဲ့သလို လင်ဒီလော့ဖ်ကိုလည်း ဘယ်ခြမ်းခံစစ်နေရာမှာပဲ ဆက်လက် နေရာပေးခဲ့ရင်း အသင်းက အိမ်ကွင်းမှာ ရလဒ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “အသင်းက ရှုံးနိမ့်နေတာကို ပြန်လည် ချေပနိုင်ဖို့အတွက် အသင်းရဲ့ ကာရိုက်တာကြီးကို ပြသခဲ့တယ်။ ကျွန်တော်တို့ ချေပဂိုးရဖို့ ထိုက်တန်ခဲ့ပြီး အနိုင်ရဖို့အတွက်လည်း ကြိုးပမ်းခဲ့ပါသေးတယ်။ ကျွန်တော်တို့က ကျွန်တော်တို့အသင်းရဲ့ စရိုက်လက္ခဏတွေ ပြသနေချိန်မှာပဲ အမှားတစ်ခုလည်း ဖြစ်ခဲ့ရတယ်။”

Photo Credit : Sky Sports

“ဒီလို အမှား မကျူးလွန်ခင် နိုင်ပွဲရအောင် လုပ်ဆောင်ဖို့ဆိုရင် ကျွန်တော်တို့က အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သင့်ပါတယ်။ ဒီနေ့ပွဲရဲ့ လူစာရင်းနဲ့ဆို ဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ကျွန်တော်တို့တွေက အထနှေးလွန်းနေခဲ့ပြီး တကယ်ဆိုရင် ပွဲအစ ခရာမှုတ်လိုက်တာနဲ့ အရာရာ အဆင့်သင့် ဖြစ်နေရမှာပါ။”

“ဒါက ဝေဖန်ချင်စရာ အချက်တစ်ခု ဖြစ်ခဲ့ရပေမယ့်လည်း ကျွန်တော်တို့အသင်းကတော့ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏကြီးတွေကို ပြသနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ကျွန်တော်တို့ကို ရုန်းကန်ရအောင် ဖန်တီးခဲ့ပေမယ့်လည်း ကျွန်တော်တို့က ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပြီး တုံ့ပြန်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေကို ဖန်တီးဖို့ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။