မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အနေနဲ့ အသင်းရဲ့ တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းအပေါ်မှာ ယုံကြည်မှု အပြည့်ထားရှိပါကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီနွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦး ရှာဖွေရင်း အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်း အသုံးပြုပြီး အရ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

အသက် (၂၀)အရွယ် တိုက်စစ်မှူး ဟွိုင်လန်းက ဒိန်းမတ် နဲ့ အီတလီမှာသာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတာဖြစ်ပြီး အခုမှသာ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အမှတ်ပေးလိဂ်မျိုးနဲ့ ချန်ပီယံလိဂ်လို ဥရောပပြိုင်ပွဲကြီးမျိုးမှာပါ စတင် ကျင်လည်ခွင့် ရရှိခဲ့ရပါတယ်။

ဒါပေမယ့် ဟွိုင်လန်းက ချန်ပီယံလိဂ်မှာ အုပ်စုအဆင့် ပွဲစဉ်တွေထဲ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သလောက် ပရီးမီးယားလိဂ်မှာတော့ (၁၅)ပွဲထိ ကစားပြီးမှ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြိုင်ပွဲစုံ (၂၃)ပွဲ (၆)ဂိုးသာ သွင်းယူထားနိုင်သေးတဲ့ ဟွိုင်လန်းနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ကျွန်တော် သူ့ကို လုံးဝ ယုံကြည်ပါတယ်။ သူ ဂိုးတွေ သေချာပေါက် သွင်းယူနိုင်လိမ့်မယ် ဆိုတာကိုလည်း ကျွန်တော် သိနေတယ်။ ချန်ပီယံလိဂ်မှာ ဂိုးတွေ သွင်းယူနေကလည်း ဂိုးတွေ ထပ်သွင်းနိုင်ဦးမယ် ဆိုတာကို ပြသနေတာပါပဲ။”

“အခု သူ ပရီးမီးယားလိဂ်မှာ စတင် သွင်းယူနိုင်လိုက်တဲ့ သွင်းဂိုးကလည်း သူ့ကို ဒီအချိန်ကနေ စတင်ပြီး ဂိုးတွေ နောက်ထပ် သွင်းယူနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။